Home
မြန်မာသတင်း
စစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်အရေးယူနိုင်မည့် ILO  ဆုံးဖြတ်ချက် လာမည့်နှစ် ချမှတ်မည်
DVB
·
November 14, 2024
Photo-Reuters

စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ ဒဏ်ခတ်အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေပုဒ်မ ၃၃ (Article 33 ) ကို လာမယ့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) အုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။

စစ်ကောင်စီကို ထိရောက်တဲ့အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နိုင်ဖို့ အလုပ်သမားအဖွဲ့ အစည်းတွေက မျှော်လင့်နေကြပြီး ပုဒ်မ ၃၃ နဲ့သာ စစ်ကောင်စီကို အရေးယူနိုင်မယ်ဆိုရင် လက်ရှိ တော်လှန်ရေးမှာ အများကြီးထိရောက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က DVB ကို ပြောပါတယ်။

“မတ် နဲ့ ဇွန်မှာ နောက် ခြောက်လအတွင်းမှာ ဒီကိစ္စကို လုပ်သွားမယ်။ ဆုံးဖြတ်ချက်ကတော့ မြန်မာနိုင်ငံအပေါ်မှာ ပိုပြီးပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေ ဖြစ်ဖို့ရည်မှန်းထားတာဖြစ်ပါတယ်။ စစ်တပ်အပေါ် ဘာဆိုးကျိုးသက် ရောက်မှုရှိမလဲဆိုရင် ကျမတို့ အခု တခုချင်းလိုက်လုပ်နေတဲ့ ကန်ပိန်းတွေ လုပ်စရာမလိုတော့ဘဲနဲ့ စစ်တပ်ကို ဘယ်သူကမှ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူး မဖိတ်တော့ဘူးဆိုတဲ့ အဆင့်ဖြစ်သွားမယ်။ သူ့ကို အသိအမှတ်ပြုနေတဲ့ တိုက်ရိုက်ဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်ဖြင့် သော်လည်းကောင်း အသိအမှတ်ပြုနေတဲ့ ဆောင်ရွက်နေတဲ့ အစိုးရတွေ၊ NGO တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံး ရပ်လိုက်ပြီးသားဖြစ်သွားမယ်၊ ILO ရဲ့ ဆုံးဖြတ်ချက်သည် စစ်ကောင်စီပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်၊ အဲတာကြောင့် စစ်ကောင်စီက အဲဒါကိုကြောက်ပါတယ်။”

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဆောင်ရွက်နိုင်မယ့် အတည်ပြုချက်တရပ်ကို နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့တဲ့ ILO အုပ်ချုပ်ရေး ကော်မတီအစည်းအဝေးပွဲမှာ အတည်ပြုခဲ့တာပါ။

လာမယ့် ၂၀၂၅ မတ်လနဲ့ ဇွန်လ အစည်းအဝေးနဲ့ ညီလာခံမှာတော့ ဆုံးဖြတ်ချက်ချမှာလည်း ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ကြောင့် ပြည်တွင်းမှာ ခေါင်းပုံဖြတ် အနိုင်ကျင့် ခံနေရတဲ့ အခြေခံ အလုပ်သမားတွေအတွက်သာမကဘဲ မြန်မာပြည်သူတွေအတွက်ပါ ကောင်းမွန်တဲ့ ဆုံးဖြတ် ချက်ဖြစ်လို့ ပုဒ်မ ၃၃ ကို သေချာပေါက်ချမှတ်ဖို့ ယုံကြည်တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ရဲ့ ဗဟိုကော်မတီဝင် မစန်းစန်းက ပြောပါတယ်။

“ကျမတို့အလုပ်သမားတွေအပြင် စစ်အာဏာရှင်တော်လှန်နေတဲ့သူတွေအတွက် သတင်းကောင်းပေါ့။ ဒီအလုပ်သမားတွေကလည်း စိုးရိမ်နေတာပေါ့။ အလုပ်သာလုပ်နေတာ ဘယ်တော့ စစ်မှုထမ်းဥပဒေထဲပါမလဲဆိုတဲ့ စိုးရိမ်စိတ်ပေါ့နော်။ အိုတီသွားဆင်းရင်း ဘယ်နေ့အချိန်မတော်ဖမ်းပြီးဆွဲခေါ်ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ပျောက်သွားမှာပေါ့။ အလုပ်သမားတွေကလည်း အရပ်စကားနဲ့ ခပ်ရိုင်းရိုင်းပြောရရင် ကျွန်ပြုခံနေရသလို ဖြစ်နေတာ အများကြီးပေါ့။ ကိစ္စရပ်တွေကတော့။ ဘာတခုမှကောင်းမနေဘူး။ ဒါတွေကြည့်ခြင်းအားဖြင့် Article 33 ကို ILOက ချမှတ်တယ်ဆိုရင်တော့ အလုပ်သမားတွေအတွက်ရော မြန်မာပြည်သူတွေ အတွက်ရောက အားလုံးက ဝမ်းသာစရာပါ။ ချမှတ်ဖို့လည်း ၁၀၀ ရာခိုင်နှုန်းယုံကြည်မှုရှိတယ်။”

မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေက စက်ရုံရဲ့လုပ်ခလစာမပေးဘဲ အချိန်ပိုဆင်းခိုင်းတာ၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ အခြေခံလုပ်ခလစာနည်းပါးတာ စတဲ့အခြေအနေတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်၊

စစ်ကောင်စီက ILO ရဲ့ အခြေခံဥပဒေပုဒ်မ ၃၃ အရ အရေးယူခံရမယ်ဆိုရင် ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုနဲ့ အထောက်အပံ့တွေ  ရရှိတော့တာ၊  နိုင်ငံတကာက နိုင်ငံရေးအရ ထိတွေ့ဆက်ဆံနေတာကို  ရပ်တန့်ပစ်တာ၊ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်တာတွေအပြင် နိုင်ငံတကာ တရားရုံးတွေမှာပါ အရေးယူခံရနိုင်တာအထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013