Home
မြန်မာသတင်း
ဆားလင်းကြီး NLD အတွင်းရေးမှူး ဦးဝင်းခိုင်ကို ထောင် ၁၃ နှစ်ချပြီး နေအိမ် ချိပ်ပိတ်
DVB
·
November 14, 2024

မုံရွာအကျဉ်းထောင်အတွင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်ကို နိုဝင်ဘာ ၁၃ ရက် နေ့လယ်က ယင်းမာပင်ခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ကာ အိမ်ကိုပါ ချိပ်ပိတ်တယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။

ဦးဝင်းခိုင်ကို စစ်တပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးသွားပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ အမိန့်ချမှတ်တာကြောင့် ၂ နှစ်ကျော် ၃ နှစ်နီးပါးကြာမှ အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဆားလင်းကြီး NLD ပါတီဝင်တယောက်က “မနေ့က အမိန့်ချတာပါ။ သူတို့ဆွဲတဲ့ ပြစ်မှုပုဒ်မတွေက ၄၉(က)၊ ၅၀(ည)၊ ၅၂(က) စတဲ့ပုဒ်မတွေနဲ့ တရားစွဲပြီး အမိန့်ချတာဗျ။ ကျနော်တို့ဘက်ကတော့ ဒီပုဒ်မတွေက လုံးဝ မတရားဘူးလို့ ပြောချင်ပါတယ်။ နောက်တချက်က လူလည်းဖမ်းဆီးပြီး အမိန့်ချတယ်၊ လူနေအိမ်ကိုပါ ချိပ်ပိတ်တယ်ဆိုတော့ လုံးဝ လူသားဆန်တဲ့ အမိန့်ချတာ မဟုတ်ဘူး။ သူ့ရဲ့မိန်းမနဲ့ ကလေး ၃ ဦးက  အိမ်ချိပ်ပိတ်လိုက်တော့ ဘယ်မှာသွားနေရမတုန်း။ လူသားချင်းစာနာစိတ်မရှိဘဲ လိုရာဆွဲပြီး ပုဒ်မတပ်ပြီး တရားကစွဲသေးတယ်၊ အိမ်ပါ ချိပ်ပိတ်တာကတော့ အစ်ကိုသာစဉ်စားကြည့်ပါ။ ဒီဥပဒေအရာရှိက စစ်အာဏာရှင်အလိုကျ အမိန့်ချမှတ်တာပါ” လို့ ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ဦးဝင်းခိုင်ဟာ နှလုံးရာဂါနဲ့ သွေးတိုး၊ ဆီးချိုရောဂါ ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ထောင်တွင်းစစ်ကြောရေးမှာ ရိုက်နှက်နှိပ်စပ်ဒဏ်တွေကြောင့် အရိုးအကြောပိုင်းဆိုင်ရာ ဝေဒနာလည်း ခံစား‌နေရတယ်လို့ သိရပါတယ်။

မိသားစုဝင်တယောက်က “စစ်တပ်ရဲ့ တရားရုံးက အမိန့်ချမှတ်တာလည်း ၃ နှစ်နီးပါးကြာမှ အမိန့်ချမှတ်သေးတယ်။ အိမ်ကိုပါ ချိပ်ပိတ်လိုက်တော့ အပြင်မှာကျန်ခဲ့တဲ့ မိသားစု‌‌ဝင်တွေ စားသောက်ရေး အခက်အခဲ ရင်ဆိုင်နေရတဲ့အပြင် နေထိုင်စရာပါမရှိအောင် လုပ်လိုက်တော့ ပိုဆိုးသွားရတာပေါ့။ ကလေး ၃ ယောက်နဲ့ ကျန်ခဲ့တဲ့မိန်းမကတော့ အပြင်မှာ စားဝတ်နေရေး ရှာဖွေစားသောက်ရတာ ခက်ခဲတဲ့အပြင် သူယောကျ်ားကို ထောင်ဝင်စာပို့နိုင်ဖို့ အတော် ရုန်းကန်နေရတယ်။ ကူညီနိုင်သူတွေအနေနဲ့လည်း မျှဝေကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ပြောပါတယ်။

ဦးဝင်းခိုင်ကို ယင်းမာပင်ခရိုင်တရားရုံးက တရားသူကြီး ဒေါ်ယုယုဆွေက အမိန့်ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013