Home
မြန်မာသတင်း
ဒရုန်းအသုံးပြုမှု ပိုတွင်ကျယ်စေရန် စစ်ကောင်စီ ကြိုးပမ်းနေ
DVB
·
November 12, 2024
Photo: CINCDS

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အဆင့်မြင့်ဒရုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို သွားရောက်ခဲ့သလို ဒရုန်းအသုံးပြုမှုကို ပိုပြီးတွင်ကျယ်လာအောင် ကြိုးစားနေပါတယ်။

မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့သွားတဲ့ အဲဒီခရီးစဉ်အတွင်းမှာပဲ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံရဲ့ နည်းပညာလုပ်ငန်းတွေ အများအပြားတည်ရှိတဲ့ ချုံချင့်မြို့ကို လည်း နိုဝင်ဘာ ၈ ရက်က သွားရောက်ခဲ့တာဖြစ်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းသုံး ဒရုန်းထုတ်တဲ့ ကုမ္ပဏီကို ဝင်ရောက်လေ့လာခဲ့တာကို တွေ့ရပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီတပ်တွေကို အထိနာစေခဲ့သလို မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေမှာလည်း ဒရုန်းတွေဟာ မပါမဖြစ်တဲ့ လက်နက်အင်အားဖြစ်နေတာပါ။

ဒါကြောင့် စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေကို တန်ပြန်အသုံးပြုဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် စစ်သင်တန်းတွေမှာလည်း ဒရုန်းအသုံးပြုတာတွေကို ပိုပြီး သင်ကြားပေးနေတယ်လို တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်မှာ ဒရုန်းနည်းပညာကို အသုံးပြုနိုင်တဲ့ ရင်းမြစ်များများစားစာ းရှိမနေသေးပေမဲ့ တရုတ်ခရီးစဉ်အတွင်း နည်းပညာအကူအညီတွေ ရယူလာနိုင်တာမျိုး ရှိနိုင်သလို ဒရုန်းကို ပိုပြီး အသုံးပြုလာနိုင်ဖို့ စစ်ကောင်စီက အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လိုလည်း CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ပြောပါတယ်။

တကယ်လို့ စစ်ကောင်စီဘက်က ဒရုန်းတွေကို ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးလာနိုင်ရင်တော့ တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှုတစ်ခု တိုးလာနိုင်တယ်လိုလည်း ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒရုန်းတွေကို ခုခံနိုင်မယ့် နည်းစနစ်တွေကို ကြိုတင်လေ့လာထားဖို့ လိုတယ်လို့ CDMဗိုလ်ကြီးဇင်ယော်ကလည်း အကြံပြုပါတယ်။

လေကြောင်းကို အလွန်အကျွံအသုံးပြုနေတာတောင် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် ဒရုန်းစစ်ဆင်ရေးတွေ လုပ်လာရင်တောင် တော်လှန်ရေးကို ကြီးကြီးမားမား ထိခိုက်လာဖို့ မရှိဘူးလို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဦးဖေသန်းက ပြောပါတယ်။ ဒါပေမဲ့လည်း အရပ်သားတွေအတွက်တော့ စိန်ခေါ်မှုပိုလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကရင်ပြည်နယ်ထဲရှိ  KNLA ဌာနချုပ်ကို ဒရုန်းနဲ့ တိုက်ခိုက်တာရှိခဲ့သလို မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေမှာလည်း  ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အမ်းတိုက်ပွဲအတွင်း ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။

လက်ရှိအခြေအနေအရတော့ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်ထက် လူနေကျေးရွာ၊ ရပ်ကွက်တွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးတာတွေလည်း အများအပြားရှိနေပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013