ငွေစက္ကူ ဖျက်သိမ်းမယ်၊ အသစ်ထုတ်ဝေမယ်ဆိုတဲ့ ကောလာဟလတွေကို စစ်ကောင်စီ ဗဟိုဘဏ်က ငြင်းချက်ထုတ်ထားပြီး သတင်းမှား ဖြန့်ဝေသူတွေကို အရေးယူမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဒီကောလာဟလတွေက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်တာကို မလိုလားသူတွေ၊ ငွေကြေးဈေးကွက် တည်ငြိမ်မှာကို မလိုလားသူတွေနဲ့ နိုင်ငံခြားငွေ ဈေးကစားလိုသူတွေရဲ့ လက်နက်လို့ စစ်ကောင်စီဗဟိုဘဏ်က ဆိုပါတယ်။
ငွေကြေးစနစ် မတည်ငြိမ်အောင်၊ ဘဏ်လုပ်ငန်းတွေ ကမောက်ကမဖြစ်အောင်နဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာအောင် ရည်ရွယ်ချက်နဲ့ သတင်းအမှားတွေ ရေးသားဖြန့်ဝေနေတာလို့လည်း ဆိုထားပါတယ်။
ငွေစက္ကူအချို့ကို ဖျက်သိမ်းပြီး အသစ်တွေ အစားထိုးလာနိုင်တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေက စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မကြာမကြာ ထွက်ပေါ်လေ့ရှိပြီး ဗဟိုဘဏ်ဘက်ကလည်း အလားတူ ထုတ်ပြန်ချက်တွေ မကြာမကြာ ထုတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ်ကို စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ဝေခဲ့ပြီးနောက် နိုင်ငံခြားငွေဈေးလည်း မြင့်တက်ခဲ့ပါတယ်။