ရန်ကုန်မြို့ရဲ့ လူဦးရေ ထူထပ်များပြားတဲ့ ရွှေပြည်သာ၊ လှိုင်သာယာ စတဲ့ စက်မှုဇုန်မြို့နယ်တွေမှာ အမိုးအကာတပ်ထားတဲ့ ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီက ဖမ်းဆီးဒဏ်ရိုက်နေတာကြောင့် ဘေးတွဲကယ်ရီသမားတွေက အခက်အခဲ ကြုံနေကြပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်အများစုမှာ ဘေးတွဲဆိုင်ကယ်တွေရဲ့ အမိုးကိုင်း တပ်ဆင်မောင်းနှင်တာတွေကို အခုနှစ်၊ နှစ်လယ်ပိုင်းကစလို့ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေက တားမြစ်ထားပြီး အရေးယူ ဖမ်းဆီးတာတွေကိုလည်း ထိထိရောက်ရောက်လုပ်ဆောင်နေကြောင်း ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေထံက သိရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတယောက်က “ဘေးတွဲဆိုင်ကယ်တွေ အားလုံး အမိုးကိုင်းတွေ တပ်ခွင့်မရှိတော့ဘူး။ အခု တအားဖမ်းနေတယ်။ တချို့ဆိုရင် စည်းကမ်းမလိုက်နာလို့ဆိုပြီး ဘေးတွဲပါ အသိမ်းခံရတာ။ ဘေးတွဲဆိုင်ကယ်တွေမှာ ယာယီအမိုးကိုင်းနဲ့ဆိုရင် ဒဏ်ကြေးက တမျိုး၊ သံကိုင်းတွေနဲ့ ခိုင်ခိုင်မာမာလုပ်ထားတဲ့ အမိုးကိုင်းဆိုရင် ဒဏ်ကြေးက တမျိုးခွဲထားတယ်။ အနိမ့်ဆုံး ၅ သောင်းကနေ ၁ သိန်းအထိ ရှိတယ်” လို့ ပြောပါတယ်။
ဘေးတွဲကယ်ရီဆိုင်ကယ် မောင်းနှင်သူတွေအနေနဲ့ လပေးနဲ့စီးတဲ့သူတွေကို ပုံမှန်ဖောက်သည်ရရှိဖို့ ချိတ်ဆက်ထားရသလို အမိုးအကာတွေကိုလည်း သေသေသပ်သပ် ပြင်ဆင်ပေးထားရတယ်လို့ လှိုင်သာယာမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတယောက်က ပြောပါတယ်။
“ကျနော်တို့က ကိုယ့်ဖောက်သည်တွေ အဆင်ပြေဖို့ နေပူမိုးရွာ လေလည်းလုံအောင် လူအမြင်လေးလည်း သန့်အောင်လို့ ဂါလီလေးကို လုပ်ရတာ။ အခု အမိုးအကာတွေ ဖြုတ်ရမယ်ဆိုတော့ နေပူကြီးထဲ ဘယ်သူက စီးတော့မှာလဲ။ ပြောမယ်ဆို မူဝါဒတွေက အမျိုးမျိုးတွေ ဖြစ်နေတယ်။ ခံရသမျှက ပြည်သူတွေချည်းပဲ။ အမိုးတွေ ဖြုတ်ရရင်တော့ လပေးစီးတဲ့သူတွေလည်း စီးမယ်မထင်တော့ဘူး။ စားဝတ်နေရေး ပိုခက်ခဲလာမှာပေါ့။”
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်ကစပြီး ဘေးတွဲဆိုင်ကယ်၊ ဘက်ထရီစက်ဘီး၊ ဆိုက်ကားနဲ့ ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်ပြုလုပ်ဖို့ ဥပဒေသတ်မှတ်ခဲ့ပြီး ဆိုင်ကယ်အများအပြားကို ဖမ်းဆီး သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တာကြောင့် ကယ်ရီသမားတွေဟာ ဘေးတွဲအဖြစ် ပြောင်းပြီး ကယ်ရီဆွဲနေကြရတာ ဖြစ်ပါတယ်။