Home
မြန်မာသတင်း
သန်လျင်တံတား ယာဉ်ဖြတ်သန်းခရရှိမှု နည်းပါးသဖြင့် ကြီးကြပ်ကောက်ခံနေရ
DVB
·
November 11, 2024

သန်လျင်တံတား အမှတ် ၃ ကို ဖြတ်သန်းတဲ့ ယာဉ်တွေရဲ့ ဖြတ်သန်းခ ရရှိမှုနည်းပါးတဲ့အတွက် ကြီးကြပ်သူတွေ စေလွှတ်ကာ ကောက်ခံနေရတယ်လို့ ဆောက်လုပ်ရေးဌာနက သိရပါတယ်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် ၃ မှာ ဂိတ်ကြေးတောင်းခံနေသူတွေဟာ ယာဉ်ဖြတ်သန်းခတွေကို ခိုးယူနေကြတဲ့အတွက် ဆောက်လုပ်ရေးဌာနက ဝန်ထမ်းတွေကို စေလွှတ်ကာ ကြီးကြပ်ခိုင်းနေရတယ်လို့ ယန္တရားတပ်ခွဲ(တောင်)ရဲ့ သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

“မနက် ၆ နာရီကနေ ည ၈ နာရီအထိ ကောက်ခံရငွေက သိန်း ၉၀ လောက်ရှိပါတယ်။ ဒါပေမဲ့ အဲဒီငွေပမဏလောက် မရတဲ့အခါကျတော့ လမ်းတံတားကို အကူအညီတောင်းပြီး ဝန်ထမ်းတွေ လွှတ်ပြီး ကြီးကြပ်ရတာမျိုးတွေ ဖြစ်လာတာ” လို့ သွားရောက်ကြီးကြပ်နေရတဲ့ ယန္တရားတပ်ခွဲ(တောင်)က ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲဒီလို ယာဉ်ဖြတ်သန်းခတွေ ရရှိမှုနည်းပါးတာဟာ ဂိတ်ကြေးကောက်ခံတဲ့ ဝန်ထမ်းတွေက ဖြတ်သန်းတဲ့ မော်တော်ယာဉ်တိုင်းကို ပြေစာမပေးတာတွေကြောင့် ဖြစ်တယ်လို့ သန်လျင်ကို သွားနေတဲ့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

သီလဝါစက်မှုဇုန်မှ မော်တော်ယာဉ်မောင်းတယောက်က “ဂိတ်မှာတော့ ယာဉ်ဖြတ်သန်းခအတွက် ဘောက်ချာတောင်းပါ ဆိုတာတော့ ရေးထားတယ်။ ဂိတ်မှာ ပိုက်ဆံကောက်နေတဲ့ ကောင်မလေးတွေကတော့ ပိုက်ဆံပေးပြီးရင် မသိချင်ယောင်ဆောင်တာ၊ ဘောက်ချာတောင်းရင် ဟိုဟာဖြစ်လို့၊ ဒီဟာဖြစ်လို့ဆိုတာနဲ့ အကြောင်းပြချက်တွေပေးပြီး ဘောက်ချာမပေးတာတွေ ဖြစ်နေတာ။ အဲဒါကြောင့်မို့လို့လား မသိဘူး၊ အခု ဆောက်လုပ်ရေးက ဝန်ထမ်းတွေ ဖြတ်သမျှ ကားတိုင်းကို မှတ်နေတာတွေတော့ တွေ့တယ်” လို့ ပြောပါတယ်။

သန်လျင်တံတား အမှတ် ၃ ကို ဇွန်လမှာ စစ်ခေါင်းဆောင် တက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တပတ်ခန့် အခမဲ့ ဖြတ်သန်းခွင့်ပေးကာ ဇွန် ၁၆ ရက်ကစပြီး ယာဉ်ဖြတ်သန်းခတွေ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ယာဉ်ဖြတ်သန်းခတွေကို အိမ်စီးကားတစီး ကျပ် ၅၀၀ ကောက်ခံမှာဖြစ်ပြီး ခရီးသည်တင်ယာဉ်(ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာ ယာဉ်တွေကိုတော့ ၁၀၀၀ ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင်ယာဉ်(ကြီး) ဟီးနိုး၊ ဟွန်ဒိုင်းယာဉ်တွေကို ၂၀၀၀ ကျပ်ကောက်ခံမှာဖြစ်ကာ ကုန်တင်ယာဉ်ကြီးတွေကိုတော့ ကားအမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံးကျပ် ၄၀၀၀ ကနေ ၂၂၀၀၀ အထိ ကောက်ခံနေတာပါ။

အဆိုပါ ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ် ၃ တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက်က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေနဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုမှာတော့ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ဂျပန်နိုင်ငံက အကူအညီတွေ ရပ်ဆိုင်းသွားခဲ့ပြီး စစ်ကောင်စီက ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024