Home
မြန်မာသတင်း
စမ်းချောင်းတွင် ငွေလဲကောင်တာကို ဓားထောက်လုယက်ခံရ၊ ပြန်ခုခံသည့်ဝန်ထမ်း ဓားဖြင့် ထိုးသတ်ခံရ
DVB
·
November 10, 2024

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊  မြေနီကုန်းတောင်ရပ်ကွက်၊ ဗားကရာလမ်းမှာ  နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီကျော်က ငွေလဲကောင်တာတခု လုယက်ခံရပြီး ပြန်ခုခံတဲ့ အမျိုးသမီးဝန်ထမ်းတွေ ဓားနဲ့ထိုးခံရလို့  တယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဗားကရာလမ်း မြေညီထပ်မှာ ဖွင့်ထားတဲ့ အေးမြသီတာစတိုးဆိုင် ငွေလဲကောင်တာမှာ မနေ့ညနေ ၃ နာရီကျော်က အမျိုးသားတယောက်က ငွေလဲချင်ဟန်ဆောင်ပြီး ဓားထောက်လုခဲ့ရာမှာ အမျိုးသမီးဝန်ထမ်းတွေက ပြန်ခုခံလို့  ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်ကို သိတဲ့မြို့ခံတယောက်က ပြောပါတယ်။

“ငွေလဲချင်ဟန်ဆောင်ပြီး ဓားထောက်လုတာ အမျိုးသမီးတွေက ပြန်ခုခံတော့ ဓားနဲ့ထိုးသွားတာ တယောက် သေတယ်။ တယောက် ဒဏ်ရာရတယ်။ လုတဲ့သူတွေ မမိဘူး။” 

အဆိုပါငွေလဲကောင်တာကို လုယက်မှုဖြစ်စဥ်မှာ မန်နေဂျာအမျိုးသမီးဝန်ထမ်း သေဆုံးခဲ့ပြီး ဝန်ထမ်းအမျိုးသမီးတယောက်  ဒဏ်ရာရခဲ့ကာ ငွေတွေကတော့ ပါမသွားဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“လုတဲ့သူက ငွေလဲမယ့်သူပုံစံနဲ့ ဆိုင်ထဲမှာ ထိုင်နေပြီး လူရှင်းတဲ့အချိန် မန်နေဂျာလည်ပင်းကို  ဓားနဲ့ထောက်ပြီး ငွေတွေပေးဖို့ တောင်းတာ။  မပေးဖို့ မန်နေဂျာနဲ့ ကောင်မလေးတွေက ပြန်ခုခံတာ မန်နေဂျာ သေသွားတယ်။ ကောင်မလေးတယောက်က ဆေးရုံမှာ။”

အခင်းဖြစ်ပွားရာနေရာရှိ စစ်တပ်နဲ့ စမ်းချောင်းမြို့မရဲစခန်းက  တရားခံရဲ့ ကျောပိုးအိတ်၊ ဖုန်း၊ မှတ်ပုံတင်တို့ ကို သိမ်းဆည်းရမိခဲ့ပေမဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

အောက်တိုဘာ ၇ ရက်ကလည်း စမ်းချောင်းမြိုနယ် UAB စမ်းချောင်းဘဏ်ခွဲ ဒုတိယငွေကြေးတာဝန်ကို ယာဉ်မောင်းဝန်ထမ်းက ဓားနဲ့ထောက်ကာ ငွေကျပ် သိန်း ၁၃၀၀ ကျော် လုယက်မှု ဖြစ်ခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၁၀ ရက် ညကလည်း မုန့်လက်ဆောင်းတောင်ရပ်ကွက်၊ မိုးမခလမ်းမှာ အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးပြီး ဆွဲကြိုးလုယက်ခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013