ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို တရက် ၄ နာရီအလှည့်ကျစနစ်နဲ့ ပေးနေရာကနေ ၂ နာရီလောက် ထပ်ဖြတ်လိုက်လို့ တရက် ၂ နာရီလောက်ပဲရတော့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လျှပ်စစ်ဌာနက လူနေရပ်ကွက်တွေကို တရက် ၄ နာရီမီးပေး ၄ နာရီ မီးဖြတ်တဲ့စနစ် အသုံးပြုနေတယ်လို့ ကြေညာထားပေမဲ့ ဒီရက်ပိုင်းအတွင်း မီးပေးတဲ့ ၄ နာရီထဲကနေ ၂ နာရီလောက်က ထပ်ဖြတ်တာ ရှိနေတာလို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က "မီးလာရမယ့်အလှည့်ဆိုရင်လည်း ဝန်အား ထိန်းညှိလို့ဆိုပြီး ထပ်ဖြတ်တယ်။ အများဆုံးမီးရချိန်က ၂ နာရီလောက်ပဲရှိတယ်။ မီးမမှန်တော့ ထမင်း၊ ဟင်းချက်ဖို့ကအဆင်မပြေဘူး။ အလှည့်ကျနဲ့တောင် မီးမှန်အောင် မပေးနိုင်တော့ဘူး"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းကျွတ်ရုံးပိတ်ရက်က မြို့နယ်တချို့မှာ လျှပ်စစ်မီးကို အချိန်တိုးပေးခဲ့ပေမဲ့ အဲဒီ ရက် ကျော်ပြီးတဲ့နောက် မီးပျက်တာ ပိုဆိုးလာတယ်လို့ ပြည်သူတချို့က ဆိုပါတယ်။
လျှပ်စစ်မီးမှာ နေ့ခင်းပိုင်းမှာ ဆိုးရွားစွာ ပျက်နေသလို ညအိပ်ချိန်မှာလည်း မကြာခဏ ပျက်တာ တွေ ဆက်တိုက်ဖြစ်နေတာလို့ မြို့ခံကပြောပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာနေထိုင်သူ တယောက်က "မီးပျက်လို့ အကြောင်းအရင်း သိရ အောင် မြို့နယ်လျှပ်စစ်ရုံးကို ဖုန်းဆက်မေးရင်လည်း မချေမငံ ပြန်ဖြေတယ်။ ဒီ အချိန်မှာ တောင် ဒီလောက်ပျက်နေရင် နွေရာသီဆို မီးတောင်ပေးနိုင်ပါတော့ မလားမသိဘူး"လို့ ပြောပါတယ်။
လူနေရပ်ကွက်တွေမှာ လျှပ်စစ်မီးပျက်ချိန်တိုးလာသလို စက်မှုဇုန်တွေကိုလည်း အရင် အလုပ်ချိန် ၈ နာရီ လျှပ်စစ်မီးပေးမယ်လို့ ကြေညာထားရာကနေ တရက်ကို ၄ နာရီပဲ မီးပေးနိုင်တော့မယ် ဆိုပြီး ပြန်လည်ပြင်ဆင်အကြောင်းကြားထားတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရ ပါတယ်။
အခုလိုလျှပ်စစ်မီးပျက်တဲ့အချိန်တိုးလာတာဟာ လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ပမာဏ လျော့နည်း သွားတာကြောင့်ဖြစ်ပြီး ရှေ့ဆက်ပိုဆိုးနိုင်တယ်လို့ လျှပ်စစ်ဌာနသတင်းအရင်းအမြစ်ဆီက သိရ ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က လျှပ်စစ်မီးအချိန်ပြည့်နီးပါးပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်း ပြီးနောက် မီးလုံလောက်အောင် မပေးနိုင်တော့တာ ဖြစ်ပါတယ်။
အခုလို လျှပ်စစ်မီး ဆိုးရွားစွာ ပျက်နေပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်အောင် လုပ်မယ်လို့ မကြာခဏကြွေးကြော်နေသလို လျှပ်စစ်ကား(EV)တွေကိုလည်း တင်သွင်းခွင့် ပေးနေပါတယ်။