Home
မြန်မာသတင်း
ရန်ကုန်တွင် မှတ်ပုံတင် ကိုယ်ရေးအချက်အလက် ပြင်ဆင်လိုပါက အနည်းဆုံး ၅၀,၀၀၀ ကျပ် ပေးနေရ
DVB
·
October 28, 2024

ရန်ကုန်က လဝကရုံးတွေမှာ မှတ်ပုံတင် ကိုယ်ရေးအချက်အလက်ပြင်ဆင်ဖို့ အနည်းဆုံး ကျပ် ၅၀,၀၀၀ ကနေစပြီး ပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်ကပြည်သူတွေအနေနဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပါ အချက်အလက်တွေ ပြင်ဆင်ဖို့ အတွက် လဝကရုံးတွေမှာ သွားရောက်လျှောက်ထားမယ်ဆိုရင် အဲဒီရုံးက ဝန်ထမ်းစာရေးမတွေက ဦးစီးမှူး ဒါမှမဟုတ် ဒုဦးစီးမှူး လက်မှတ်ထိုးဖို့ လိုတယ်လို့ ပြောဆိုကာ ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ လောက်အထိ ငွေကြေးတောင်းခံနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အင်းစိန်ခရိုင်ဦးစီးမှူးရုံးမှာ မှတ်ပုံတင်ပြုလုပ်ခဲ့သူတယောက်က “အခုနောက်ပိုင်း လဝကရုံးက စာရေးမတွေ တော်တော်ဆိုးလာတယ်။ သူတို့ရေးတဲ့ ဘောပင်ကအစ ဝယ်ခိုင်းတာ။ အချက်အလက်စုံရင်တောင် တလကြာမယ်၊ အဲဒီလောက် မကြာချင်ရင် အိမ်ကိုလာခဲ့၊ ဦးစီးကိုကန်တော့ဖို့ K-Pay အကောင့် ပေးရမလား၊ ဦးစီးကိုကန်တော့ရင် မနက်ဖြန်လောက်ရတယ် ဆိုတာ ပေါ်တင်ပြောပြီး တောင်းနေကြတာ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မှတ်ပုံတင်ပြုလုပ်တဲ့အချိန်၊ မှတ်ပုံတင်ပြန်လဲလှယ်ချိန်တွေမှာ ကိုယ်ရေးအချက်အလက်တွေကို သေချာဖြည့်စွက်ပေမဲ့ ဝန်ထမ်းရဲ့ မှားယွင်းဖြည့်စွက်မှုကြောင့် ပြန်လည်ပြင်ဆင်ရမယ်ဆိုရင်လည်း ဦးစီးမှူးလက်မှတ် လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေတောင်းခံနေရတယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ် လဝကမှာ မှတ်ပုံတင်သွားရောက်လုပ်ကိုင်သူ တယောက်ကလည်း “သူတို့ရေးတာ မှားလည်း ငါးသောင်း၊ တသိန်းပေးမှ ပြင်ပေးတယ်။ အိမ်ထောင်စု/မှတ်ပုံတင်နဲ့ ပတ်သက်တာ လုပ်ချင်ရင် ဒုဦးစီး၊ ဦးစီး ဆိုတာတွေက သူတို့ တိုက်ရိုက်လက်မခံဘူး။ သူတို့စားပွဲမှာ ခုံချင်းယှဉ်ထိုင်တဲ့ စာရေးမတွေဆီ ပိုက်ဆံပေးအပ်မှ အလွယ်တကူရတာ” လို့ ပြောပါတယ်။

လက်ရှိမှာ မှတ်ပုံတင်/သန်းခေါင်စာရင်း အသစ်ပြုလုပ်သူတွေနဲ့ ကိုယ်ရေးအချက်အလက် မှားယွင်းတာ ပြင်ဆင်လိုသူတွေ၊ မှတ်ပုံတင် လဲလှယ်လိုသူတွေဟာ လဝကရုံးကို သွားရောက်တယ်ဆိုရင် စမတ်ကတ်တွေပြုလုပ်ဖို့ ဖိအားပေးခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013