မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်က သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ရဲ့ ရှေ့ပြေး လုံခြုံရေးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူဖို့ ရှေ့ပြေးထွက်လာတဲ့ စကစ စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကပစ ၁၂ က ဖောကားအဖြူနဲ့ အင်အား ၂၅ ယောက်လောက်ပါတဲ့ ရှေ့ပြေးလုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို သဖန်းကိုင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။
သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တာဝန်ခံတယောက်က “သူတို့စစ်ကြောင်းက ကျောက်ကြီးရွာဘက်တွေမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးပြီး မြေပြာရွာနဲ့ သဖန်ကိုင်းရွာတွေဘက်ကို ဆက်သွားမယ်ဆိုတာ ကြိုပြီး သတင်းရခဲ့တာပါ။ သေတဲ့အလောင်း ၈ လောင်းကို ကားတွေနဲ့ ကပစ ၁၂ ထဲကို သယ်သွားတယ်၊ ညတွင်းချင်း သယ်သွားတယ်ဆိုတာ သိရတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ သရက်ခရိုင်ရဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက်ယူတာ မပြီးပြတ်တာကြောင့် သန်းခေါင်စာရင်းကောက်မယ့်ရက်ကို နောက်ထပ် ၁၅ ရက် ထပ်တိုးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အဆိုပါစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘေးပတ်ဝန်းကျင်ကို ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ဒေသခံပြည်သူတွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ကြောင်း၊ တိုက်ခိုက်ခံရတဲ့ နေရာအနီးဝန်းကျင် ကျေးရွာက ဒေသခံပြည်သူတွေကိုတော့ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
သရက်ခရိုင်ထဲက မြို့နယ်တွေအတွင်းမှာ ကပစ ၁၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးကို အကြောင်းပြပြီး လမ်းတွေပေါ်မှာ ဂိတ်တွေဖွင့်လှစ်ကာ ခရီးသွား မော်တော်ယာဥ်တွေဆီကနေ ငွေကြေးတောင်းယူနေတာတွေအပြင် သန်းခေါင်စာရင်း ကောက်တဲ့ အဖွဲ့တွေကိုလည်း အဓိက လုံခြုံရေးယူပေးနေတာလို့ သရက်မြို့ခံတွေဆီကနေ သိရပါတယ်။