Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သန်းခေါင်စာရင်း ပြန်ကောက်နေပြီး စစ်မှုထမ်းကိစ္စကိုပါ မေးမြန်း
DVB
·
October 20, 2024

ဧရာဝတီတိုင်းက သန်းခေါင်စာရင်းကောက်ဖို့ ကျန်တဲ့ဒေသတွေမှာ ပြန်လည်ကောက်ယူနေပြီး စစ်မှုထမ်းကိစ္စနဲ့ PDF နဲ့ ပတ်သက်လားဆိုတာကိုပါ မေးမြန်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ မေးခွန်း ၆၈ ခု သတ်မှတ်ပြီး အောက်တိုဘာ ၁ ရက်ကနေ စတင်ကောက်ယူခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပါတဲ့ စာရင်းကောက်ယူရေးအဖွဲ့တွေက မေးခွန်မှာမပါတဲ့ အမျိုးသားလူငယ်တွေ စစ်မှုထမ်းချင်သလား၊ PDF တွေထဲ ဝင်ရောက်နေတဲ့သူရှိလား၊ နိုင်ငံခြားသွားတဲ့ လူငယ် အမျိုးသားရှိလား စတဲ့အချက်တွေကို ခြိမ်းခြောက်မေးမြန်းနေတာလို့ ဆိုပါတယ်။

ငပုတောမြို့နယ် ဒေသခံတယောက်က “အစကတည်းက မယုံရဘူးဆိုတာ သိတယ်။ ပထမ ၁၅ ရက် ကောက်တော့ အုပ်ချုပ်ရေးမှူးရုံး သွားဖြေရမယ်ဆို ပြောတာနဲ့ သွားမဖြေခဲ့တာ။ အခု ကျန်ခဲ့တဲ့သူတွေ စာရင်းထပ်ကောက်တော့ အိမ်အထိ ရောက်လာတာ။ လာလည်းကောက်တော့ ထင်တဲ့အတိုင်းပဲ၊ PDF ထဲရောက်နေတဲ့ သားသမီးရှိလား မေးတာ။ မရှိပါဘူးဆိုတော့ မှန်မှန်မဖြေပေးရင် ဖမ်းမယ်ဆီးမယ် လုပ်တာ။ တကယ်မလွယ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ရသေးတဲ့ အိမ်တွေကို အောက်တိုဘာ ၃၁ ရက်အထိ ရက်တိုးကောက်ယူနေတာဖြစ်ပြီး စစ်ကောင်စီတပ်၊ ပညာရေးဝန်ထမ်း၊ ရဲ၊ မီးသတ်၊ ပြည်သူ့စစ် စတဲ့သူတွေအပါအဝင် လက်နက်ကိုင် ၄ ယောက်ထက်မနည်းက လုံခြုံရေးယူပေးတယ်လို့ သိရပါတယ်။

တိုင်းအဆင့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဧရာဝတီတိုင်းထဲက သန်းခေါင်စာရင်း ကောက်ယူဖို့ကျန်ခဲ့တဲ့ အိမ်တွေက အကောက်မခံချင်လို့ PDF မိသားစုတွေ၊ စစ်တပ်တော်လှန်သူတွေ ဖြစ်လို့ သက်သက်ရှောင်နေတယ်ပေါ့၊ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့က စွပ်စွဲတာ။ တည်ငြိမ်တဲ့ဒေသဖြစ်လို့ ကျန်ခဲ့စရာမရှိဘူးလို့ အထက်က အမိန့်နဲ့ ဖိအားပေးပြီး သန်းခေါင်စာရင်းမေးခွန်တွေထဲ မပါတဲ့ အချက်အလက်တွေကို မေးတာ။ ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။

သန်းခေါင်စာရင်း မကောက်ရသေးတဲ့ ဒေသတွေကို အိမ်ထောင်စုစာရင်းနဲ့ တိုက်စစ် ရက်တိုး ကောက်ယူနေတာဖြစ်ပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ စတဲ့မြို့ကြီးတွေအထိပါ သန်းခေါင်စာရင်း မကောက်ရသေးတဲ့ အိမ်တွေ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွေက စစ်ကောင်စီအနေနဲ့ သူတို့ကို ငွေကြေး အပြည့်အဝ ထောက်ပံ့မှုမပေးတာ၊ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် ဆိုပြီး တချို့ဒေသတွေမှာ သန်းခေါင်စာရင်းမကောက်ဘဲ ကောက်ယူပြီးဖြစ်ကြောင်း အမှတ်အသား စတစ်ကာတွေ ကပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo – MMK

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013