Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု ၄၀ နီးပါး ဖြစ်ပွား
DVB
·
October 19, 2024
Photo-LLK

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာတလအတွင်း နေ့ခင်းကြောင်တောင် လုယက်တာတွေ အပါအဝင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် အကြိမ် ၄၀ နီးပါး ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ ဒေသခံတွေ၊ စစ်ကောင်စီရဲတပ်ဖွဲ့တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ လပွတ္တာ၊ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မော်ကျွန်း၊ မြောင်းမြ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖောက်ထွင်းခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ဖြစ်စဉ်က မအူပင်လို ပုသိမ်လို မြို့ကြီးတွေတောင် နေ့ခင်းဘက်အထိ ဖြစ်ပွားခဲ့တာ။ တလအတွင်းမှာဆို တတိုင်းလုံး အတိုင်းအတာနဲ့ အကြိမ် ၄၀ လောက်အထိ ဖြစ်ခဲ့တာ။ နစ်နာသူတွေက ရဲစခန်းမှာ တိုင်ထားပေမဲ့ အကြောင်းမထူးဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း ဖုန်းဆိုင်တွေ ဖောက်ထွင်းအခိုးခံရတာ၊ လမ်းပေါ်မှာ လက်ဝတ်ရတနာ လုယက်ခံရတာ၊ ကားဘက်ထရီတွေ အခိုးခံရတာ၊ ဆိုင်ကယ်တွေ အခိုးခံရတာ၊ လူကို ချောင်းရိုက်နှက် ဆိုင်ကယ်လုယက်တာ စတဲ့ဖြစ်စဉ်တွေ အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ဒေသခံတယောက်က “ပုသိမ်မှာဆို စက်တင်ဘာ ၁၁ ရက်က ဖုန်းအရောင်းဆိုင် ပိတ်ထားပြီး သော့ခတ်ပြီး ခဏအိမ်ပြန် ထမင်းစားတာ၊ ပြန်လာတော့ ဆိုင်ရိုက်ဖွင့်ခံထားရပြီး ငွေရော ဖုန်းတွေပါ ယူသွားတာ။ ခါတိုင်းလည်း ထားနေကြဆိုတော့ ကိုယ်လည်း ထားခဲ့တာပေါ့။ နေ့ခင်းဘက်ကြီးပါ။ ပုသိမ်မှာ ဒါမျိုးတွေက တော်တော်အဖြစ်များလာတယ်။ ရဲစခန်း သွားတိုင်တော့ ရဲစခန်းက ကိုယ့်တောင် ပြန်ဖမ်းခိုင်းနေလို့ ဒုက္ခပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်တာတွေလုပ်ပေမဲ့ PDF လို့ စွပ်စွဲဖမ်းတာ၊ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးဖမ်းတာတွေပဲ အဓိကထား လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်းမှာလည်း ဧရာဝတီတိုင်းမှာ လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ် ၃၀ နီးပါးအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024