Home
မြန်မာသတင်း
စစ်ကောင်စီတပ်အတွက် စစ်မှုထမ်း အများဆုံးစုဆောင်းပေးနိုင်သည့် ဧရာဝတီတိုင်း ပထမဆုရ
DVB
·
October 18, 2024

စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်း ခေါ်ယူရာမှာ သင်တန်းကျောင်းကို လူအများဆုံး ပို့ဆောင်နိုင်ခဲ့တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ကက(ကြည်း)က အောက်တိုဘာ ၁၆ ရက်မှာ ပထမဆု ပေးခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့အထဲမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို သင်တန်းကျောင်း ပို့ဆောင်ရာမှာ တခြားတိုင်းစစ်ဌာနချုပ်ထက် အပတ်စဥ်တိုင်း လူဦးရေများပြားတာကြောင့် အခုလို ဆုပေးတာဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အပတ်စဥ် ၆ အတွက် လူတွေခေါ်လာတာ ၁,၀၀၀ ကျော်လောက်ရှိတယ်။ ဧရာဝတီမှာက သင်တန်း ၂ ကျောင်းပဲရှိတာ၊ တခြားနေရာတွေ ပို့မလို့နဲ့တူတယ်၊ အပတ်စဥ် ၆ အတွက် သူများတွေ ပြင်ဆင်နေတုန်းအချိန် နတခက သင်တန်းကျောင်းပို့ပြီးပြီ။”

အနောက်တောင်တိုင်းစစ်ဌာနချုပ် အားကစားရုံမှာ အောက်တိုဘာ ၆ ရက်က အပတ်စဥ် ၆ သင်တန်းတက်မယ့် လူငယ်တွေကို တိုင်းမှူးနဲ့ဝန်ကြီးချုပ်က တွေ့ဆုံကာ အဝတ်အစားတွေ ထောက်ပံ့ပေးခဲ့တယ်လို့ နတခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“နတခမှာ လူအင်အား ၁,၀၀၀ ကျော်တယ်။ တိုင်းမှူးက သြဝါဒစကားပြောပြီး ဝန်ကြီးချုပ်က လူစာရင်းစစ်ပြီး ဘယ်ကိုပို့ရမယ်ဆိုတာ ညွှန်ကြားတယ်။ ညနေမှာ ကက(ကြည်း) စည်းရုံးရေးကောင်းလို့ နတခကို ပထမဆုပေးတယ်။”

စစ်မှုထမ်းအပတ်စဥ် ၆ အတွက် ဧရာဝတီတိုင်းမှာ သင်တန်းကျောင်းတွေကို ပို့နေပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ သင်တန်းသားတွေ ထွက်ပြေးလို့ သင်တန်းကျောင်းတွေ ထုချေလွှာတင်ပြီး ဖြေရှင်းနေရတာလည်း ရှိပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီးခေါ်ခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၆ ထိ ရှိပြီဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013