Home
မြန်မာသတင်း
မီတာခ ၂ ဆ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူများအခက်ကြုံ 
DVB
·
October 17, 2024

စက်တင်ဘာလကုန်ကစပြီး လျှပ်စစ်မီတာခနှစ်ဆ တိုးမြှင့်ကောက်ခံတာကြောင့် ပြည်သူတွေက မီးကို ချွေတာသုံးနေရပြီး မီတာခပေးဆောင်ဖို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

လျှပ်စစ်မီတာခ နှုန်းထားတွေကို စက်တင်ဘာ ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်က ထုတ်ပြန် ကြေညာထားပါတယ်။

မီတာခတိုးတာလာတဲ့အတွက် လျှပ်စစ်မီးကို ချွေတာသုံးစွဲနေရတယ်လို့  သင်္ကန်းကျွန်းမြို့နယ်က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“မီတာခက အရင်လက ၄၀၀၀၀ လောက် ပေးရတယ်။ ဒီလမှာ မီတာခ ၉၀၀၀၀ ကျော်လောက် ပေးရတယ်၊ နှစ်ဆလောက်နီးပါး မြင့်တက်သွားတယ်။  မီးကျတော့ ပုံမှန်မလာဘဲ မီတာခတွေတော့ တိုးကောက်တယ်။ ခုဆို အဲယားကွန်းတွေ၊ ပန်ကာတွေတောင် ဖွင့်မအိပ်နိုင်တော့ဘူး၊ ပူလည်း သည်းခံနေရတယ်၊ မီတာခတွေ ချွေတာသုံးစွဲနေတာတောင် အများကြီးပေးဆောင်နေရတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။” 

စစ်ကောင်စီကတော့ မီတာခ တိုးမြှင့်ကောက်ခံရတာဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာမှာ ထုတ်လုပ်မှုစရိတ်မြင့်မားလာတာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။  မီတာခတွေ တိုးမြှင့်ကောက်ခံနေပေမဲ့လည်း လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့သာ ရရှိနေပါတယ်။ 

ကုန်ဈေးနှုန်းကြီးမြင့်တာတွေကြောင့် စားဝတ်နေရေး ခက်ခဲနေရတဲ့ကြားက အခုလိုမီတာခတွေ တိုးမြှင့်ကောက်ခံတာကြောင့် ပိုပြီးခက်ခဲသွားတယ်လို့ ရန်ကုန်မြို့နေ အခြေခံအလုပ်သမား တယောက်က ပြောပါတယ်၊

“အကုန်လုံးကျပ်တည်းနေကြတဲ့ ကာလဆိုတော့ အခက်အခဲတွေက အများကြီးပါပဲ။ စစ်ကောင်စီ အနေနဲ့ ပြည်သူလူထုတွေ ဘာပဲဖြစ်ဖြစ် ဘာပဲပြောပြော စိတ်မဝင်စားဘူး။ ပြည်သူလူထုမျက်နှာ ကြည့်မှာလည်း မဟုတ်ဘူး။” 

စစ်ကောင်စီဟာ လျှပ်စစ်မီးကို နေပြည်တော်နဲ့ တချို့မြို့တွေမှာ ပုံမှန်ပေးနိုင်ပေမဲ့ နိုင်ငံအနှံ့ တခြား တိုင်းနဲ့ပြည်နယ်တွေမှာ အချိန်အကန့်အသတ်နဲ့သာ ပေးနေတာပါ။ 

အိမ်သုံးမီတာခ တိုးမြှင့်ကောက်ခံသွားမယ့်နှုန်းထားတွေက ၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်အထက်ကို ၃၀၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ 

တိုးမြှင့်ကောက်ခံလိုက်တဲ့နှုန်းထားက အရင်ကောက်ခံတဲ့နှုန်းရဲ့ ၂ ဆနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013