Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သန်းခေါင်စာရင်းကောက်သည့် ဆရာ၊ ဆရာမများကို လုပ်အားခ အပြည့်မပေး
DVB
·
October 17, 2024
Photo - MV

ဧရာဝတီတိုင်းမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူပေးတဲ့ Non CDM ဆရာ ဆရာမတွေကို တယောက် ကျပ် ၃ သိန်း ပေးမယ်လို့ ပြောဆိုစည်းရုံး ခိုင်းခဲ့ပေမဲ့ အပြည့်အဝ မပေးဘူးလို့ Non CDM ဆရာ ဆရာမတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူရေး သင်တန်းတက်တဲ့ကာလ အပါအဝင် သန်းခေါင်စာရင်း ကောက်ယူပြီးဖြစ်တဲ့ အောက်တိုဘာ ၁၅ ရက်အထိ Non CDM ဆရာ ဆရာမ တယောက်ကို ငွေကျပ် ၃ သိန်း ပေးမယ်လို့ စည်းရုံးခဲ့ပေမဲ့ အောက်တိုဘာ ၁၆ ရက်က လက်တွေ့ငွေထုတ်ပေးရာမှာ ၆၀,၀၀၀ ကျပ်သာ ပေးတယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ခံသူ Non CDM ဆရာမတယောက်က “အကြိုကာလ သင်တန်းတက်တဲ့ နေ့ကတည်းက ကောက်ပြီးစီးတဲ့အထိ ၃ သိန်းပေးမယ်လို့ ပြောတာ။ မလုပ်ရင်လည်း မရဘူး၊ ဝန်ထမ်းဆိုတာ ခိုင်းတာလုပ်ရမယ်ဆိုပြီး ဖိအားပေးခိုင်းတာ။ အခုကျတော့ ၆၀,၀၀၀ ပဲပေးတော့ ဘာလုပ်ရမှာလဲ။ လုံခြုံရေးက အပြည့်မရှိဘူး။ စာရင်းသာ ကောက်နေရတာ ရင်တမမနဲ့၊ သေရင် ကိုယ်ပဲ သေမှာ၊ စိတ်ကုန်ပါတယ်” လို့ ပြောပါတယ်။

တိုင်းအဆင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဒီလိုလုပ်တာက အခုမှမဟုတ်တာ။ စစ်မှုထမ်းလစာလည်း ဒီလိုပဲလုပ်တာ။ သူတို့ကို အရပ်သားတွေ၊ ဆရာ ဆရာမတွေက ဘာမှမလုပ်ရဲဘူးဆိုတာ သိလို့လေ။ ခိုင်းတာတော့ ခိုင်းမှာပဲ၊ မလုပ်ရင်လည်း ဖမ်းမှာပေါ့။ ဒီသန်းခေါင်စာရင်းကောက်ယူတဲ့ ဆရာ ဆရာမတွေ၊ ငွေထုတ်ပေးတာက ပညာရေးက မဟုတ်ဘူးလေ။ ထွေအုပ်ရုံးက အဓိကလုပ်ရတာ။ သူတို့က ဘယ်တုန်းက မှန်တာ ဟုတ်တာ လုပ်လို့လဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ Non CDM ဆရာ၊ ဆရာမတွေ အပါအဝင် အင်အား ၅,၀၀၀ ကျော်နဲ့ သန်းခေါင်စာရင်း ကောက်ယူခဲ့တာဖြစ်ပြီး လက်ရှိ သန်းခေါင်စာရင်း ကောက်ယူပေးသူတွေထဲက ၅၀ ရာခိုင်နှုန်းနီးပါးကို တယောက် ၆၀,၀၀၀ နှုန်းနဲ့ ထုတ်ပေးထားပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းကို ပူးပေါင်းလုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းကို စစ်ကောင်စီက အောက်တိုဘာလ ပထမအပတ်က လိုက်လံကောက်ယူခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013