မြန်မာပြည်တွင်းမှာ စစ်ကောင်စီက လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်ကောက်ခံပြီးနောက် EV ကားတွေရဲ့ အားသွင်းခတွေပါ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မော်တော်ယာဉ်မောင်းတွေထံက သိရပါတယ်။
EV ကားတွေရဲ့ အားသွင်းခတွေကို အရင်က တယူနစ်ကို ကျပ် ၄၀၀ ကနေ အခုအခါ တက္ကစီယာဉ်ဆိုရင် တယူနစ်ကို ကျပ် ၇၀၀၊ အိမ်စီးကားဆိုရင် ကျပ် ၇၅၀ တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် တက္ကဆီယာဉ်တွေ ဝင်ငွေနည်းလာတယ်လို့ EV တက္ကစီ ပြေးဆွဲနေသူတွေက ပြောပါတယ်။
သီရိမင်္ဂလာဈေးက EV တက္ကစီ ယာဉ်မောင်းတယောက်က “အုံနာကြေးရယ်၊ အားသွင်းခရယ် ပေါင်းလိုက်ရင် တရက်ကို ရှစ်သောင်းခွဲ၊ ကိုးသောင်းလောက်ရှာပြီးမှ ကိုယ့်အတွက် အမြတ်ကျန်မှာ။ ဒါတောင် စားစရိတ်မပါသေးဘူး။ ကုမ္ပဏီဘက်ကလည်း အော်ဒါပေးတာမျိုး မဟုတ်တော့ ကိုယ့်ဘာသာရှာရတာ။ EV ရဲ့ အားသာချက်က CNG လို တန်းမစီရတာတခုပဲ။ ညပိုင်း အားသွင်းပြီး မနက်ကျ ကားထုတ်ပြီး တနေကုန်ဆွဲရုံပဲ” လို့ ပြောပါတယ်။
အခု အောက်တိုဘာ ၁၁ ရက်က လျှပ်စစ်သုံးယာဉ် ပြေးဆွဲ/အသုံးပြုရေးနဲ့ အခြေခံအဆောက်အအုံတွေ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနဲ့ Charging Station တည်ဆောက်တဲ့ EV တက္ကစီပြေးဆွဲနေတဲ့ ကုမ္ပဏီတွေ ပါဝင်တဲ့ လျှပ်စစ်သုံးယာဉ်အားသွင်းခ နှုန်းထားတွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပြီး ပြင်ဆင်သတ်မှတ်တာပါ။
EV တက္ကစီမောင်းသူတယောက်က“ကျနော်တို့ EV ကားတွေက ဆီတန်းစီရတာ၊ ဂက်စ်တိုးရတဲ့ဒုက္ခ မရောက်ပေမဲ့ အုံနာခက တရက်ကို ခြောက်သောင်းလောက်ရှိတယ်။ အုံနာကြေးရဖို့ မနည်းရှာနေရတာ။ တရက်ကို တသိန်းလောက်မှမရရင် ကိုယ့်အတွက်လည်း ဘာမှမကျန်တော့ ဂက်စ်ကားပဲ ပြန်မောင်းဖို့ စဉ်းစားနေရတယ်” လို့ ပြောပါတယ်။
EV မော်တော်ယာဉ်တွေကို စစ်ကောင်စီက ၂၀၂၃ ဇန်နဝါရီလကနေ အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခဲ့ပြီး အခုနှစ် ဩဂုတ်လကုန်အထိ EV ကားအရေအတွက် ၆,၀၀၀ လောက် တင်သွင်းထားပြီး ဖြစ်ပါတယ်။