၁၅ ရက်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းအပြီးကောက်ယူမယ်လို့ စစ်ကောင်စီကပြော ဆိုထားပေမဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေမှာသာမက တခြား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ဒေသမှာပါ သန်းခေါင်စာရင်းကောက်ယူနိုင်တာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူသွားမယ်လို့ စစ်ကောင်စီက ကြေညာလုပ်ဆောင်နေတာ ဒီနေ့ဆိုရင် ၁၅ ရက်ပြည့်သွားပြီ ဖြစ်ပါတယ်။
ကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ကျော်ကို စာရင်းစစ် စာရင်းကောက် ၄၀၀၀၀ ကျော်အသုံးပြုပြီး တနိုင်ငံလုံးကောက်ယူသွားမယ်လို့ ပြောဆိုထားပေမဲ့ အောက်တိုဘာ ၁၅ ရက် အထိ စစ်ကောင်စီထိန်းချုပ်နယ်မြေထဲမှာပဲ သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ ဒေသတွေရှိနေတာပါ။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိမ်းချုပ်ထားတာ မဟုတ်ပေမဲ့ ဒီနေ့အချိန်ထိ လာရောက်ကောက်ယူနိုင်တာမရှိဘူးလို့ ဒေသခံတယောက်က DVB ကိုပြောပါတယ်။
“ဂွမှာက သန်းခေါင်စာရင်းမကောက်ဘူး။ မကောက်နိုင်ဘူးလေ။ မြို့ပေါ်မှာလည်း လူတွေမရှိကြတော့ဘူး။ ဝန်ထမ်းတွေ အားလုံးက ရေကြည်ကိုပြောင်းပို့လိုက်ကြပြီလေ၊ ဧရာဝတီတိုင်းကို အကုန်ပို့လိုက်ကြတယ် ဆေးရုံက ဝန်ထမ်းတွေပါပါတယ်၊ ကျောင်းဆရာ၊ ဆရာမ အကုန်ရှိသမျှဝန်ထမ်းတွေအကုန် ဧရာဝတီတိုင်းကို စကစက ပြောင်းပေးလိုက်တာ၊ ဆေးရုံတောင်ပိတ်ထားတယ် ကျောင်းတွေလည်း အကုန်ပိတ်၊ ဝန်ထမ်းမှမရှိတာ ဘယ်သူက ကောက်ဖို့ရှိမှာလဲ။”
ဂွနဲ့ မိုင် ၂၀ အကွာ ကျိန္တလီမြို့နယ်မှာတော့ အာရက္ခတပ်တေ် (AA) နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဂွမြို့ကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်၊
စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမြင့်ကြိုင်ကတော့ တိုက်ပွဲဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်တဲ့ဒေသတွေကို အချိန် ၃ လထပ် တိုးပြီး လုံခြုံရေး တိုးမြှင့်ကာ ဆက်လက်ကောက်ယူသွားမယ်လို့ ဒေသတွင်း မီဒီယာတစ်ခုကို ဖြေကြားထားပါတယ်။
နောက်ထပ်အချိန် ၃ လထပ်ယူလည်း စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုက တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေတွေမှာတော့ မဖြစ်နိုင်ဘူးလို့ စစ်ကိုင်းတိုင်းထဲက ပြည်သူတယောက်က ပြောပါတယ်။
“နယ်မြေတွေကို စကစက စစ်ကြောင်းထိုးပြီး သန်းခေါင်စာရင်းကောက်မှာလား ဆိုတာ မေးစရာရှိတယ်။ စစ်ကြောင်းထိုးတဲ့အခါကျရင် ဒီနယ်မြေဒေသမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ PDF တွေက ပြန်တိုက်မှာပဲ။ တိုက်တဲ့ အခါကျရင် ပြည်သူကလည်း သူတို့ဘေးကင်းရာကို ပြေးကြမှာပဲ။ ပြေးကြရင်ရော သူတို့က ဘယ်သူတွေကို သွားပြီးစာရင်း ကောက်မှာလဲ၊ ပြည်သူမရှိတဲ့ရွာတွေကိုသွားပြီး စာရင်းကောက်မှာလား။ ရွာတွေကိုရောက်ဖို့ သူတို့ PDF တွေကို ဘယ်လိုနိုင်အောင်တိုက်မှာလဲ ဒါတွေမေးစရာရှိတယ်။ အညာမှာ သူတို့က ပြည်သူတယောက်အနေနဲ့ ပြောရရင်တောင် ဖိုက်တာနဲ့ လေကြောင်းကနေပဲ လာပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အနေအထားဖြစ်နေတာ၊ စစ်ကြောင်းလာထိုးရင်ကို သူတို့အနေနဲ့ စစ်ကြောင်းလိုက်ပျောက်တဲ့ကိစ္စတွေ စစ်ကြောင်းလိုက် ခြေမှုန်းခံရတဲ့အခြေအနေတွေ ကြုံတွေ့နေရပြီလို့ပဲ ပြောချင်ပါတယ်။”
အောက်တိုဘာ ၁၀ ရက်ကလည်း မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကြောင်းနဲ့ လာရောက်ကောက်ယူတဲ့အတွက် သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့တွေက ဒေသတွင်း ပြည်သူ့တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ခံခဲ့ရပါသေးတယ်။
တနင်္သာရီတိုင်းဘက်မှာလည်း သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့တွေ ဖမ်းဆီးခံရတာ ရှိပါတယ်။
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သန်းခေါင်စာရင်း ကောက်ယူလို့ မရနိုင်တဲ့ နေရာဒေသတွေကိုတော့ အရင်ရှိထားပြီးသားအချက်အလက်တွေကိုအသုံးပြုပြီး ခန့်မှန်း ဖြည့်စွက်သွားမယ်လို့ ပြောဆိုထားပါတယ်၊
အချက်အလက်တိကျမှန်ကန်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ ပြည်သူတွေရဲ့ အချက်အလက်တွေကို နောက်ယောင်ခံလိုက်ဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေကို ခြေရာကောက်ဖို့ အတွက်သာ ရွေးကောက်ပွဲ အကြောင်းပြ သန်းခေါင်စာရင်း ကောက်ယူနေတာလို့ စောင့်ကြည်လေ့လာသူတွေကလည်း ဝေဖန်နေကြပါတယ်။
ဝေဝေ