ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေက သန်းခေါင်စာရင်းမကောက်ဘဲ ကောက်ယူပြီးစီးကြောင်းစာတွေ ကပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွေက အောက်တိုဘာ ၁၄ ရက် ညနေက မော်လမြိုင်ကျွန်း၊ မအူပင်၊ ဟင်္သာတ၊ ဘိုကလေး စတဲ့မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ သန်းခေါင်စာရင်း မကောက်ရသေးတဲ့ အိမ်တွေကို ကောက်ယူပြီးစီးကြောင်း စာတွေ လိုက်လံကပ်သွားတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်း ဒေသခံတယောက်က “မနေ့က ရဲတွေ၊ စစ်သားတွေပါတဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့အဖွဲ့က မိုးချုပ်ခါနီး လာပြီး စာကပ်မယ်ပေါ့။ ဘာစာလဲမေးတော့ ကြည့်ကြည့်ပါပေါ့ ပြောတာ။ ကပ်သွားတဲ့စာကို ကြည့်ကြည့်တော့ ဤအိမ်ကို သန်းခေါင်စာရင်း ကောက်ယူပြီးစီးပြီးကြောင်း ရေးထားတဲ့စာ တွေ့ရတာ။ စာရင်းကောက်ယူရေးအဖွဲ့မှာ ကိုယ်နဲ့ရင်းနှီးတဲ့ ဆရာမလေးတယောက် ပါလာလို့ ဘယ်လိုလုပ်တာလဲ မေးတော့ အိမ်ထောင်စုစာရင်းကြည့်ထည့်တာ ဖြစ်လိမ့်မယ်တဲ့။ ဘာလို့ကောက်နေသေးလဲ၊ သူတို့ဘာသာ ဒီအတိုင်းထည့်လည်း ရတာကိုး” လို့ ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ကွက်ကောက်ပေါင်း ၁၄,၂၉၆ ကွက်ကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ မီးသတ်၊ ပညာရေးဝန်ထမ်းတွေ အပါအဝင် လူအင်အား ထောင်ချီနဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူနေတယ်လို့ ထုတ်ပြန်ကြေညာနေပေမဲ့ တကယ့်မြေပြင်မှာ အောက်တိုဘာ ၁၅ ရက် မနက်အထိ မကောက်ရသေးတဲ့နေရာတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ယူရေးအဖွ့ဲနဲ့ နီးစပ်သူတယောက်က “ဧရာဝတီတိုင်းက တည်ငြိမ်တဲ့ဒေသတခုပါ။ တည်ငြိမ်တဲ့ဒေသတခုမှာတောင် စစ်ကောင်စီက သန်းခေါင်စာရင်းကို လက်တွေ့ မြေပြင်ကွင်းဆင်းပြီး စနစ်တကျ အပြည့်အဝ မကောက်ယူနိုင်ပါဘူး။ ကောက်ယူတဲ့သူတွေကလည်း စနစ်တကျ မလုပ်တာ တွေ့ရပါတယ်။ ပြီးပြီရောပေါ့၊ မေးခွန်း ၆၈ ခု အပြည့်အဝ အမေးမခံရတဲ့ အိမ်ထောင်စုတွေ မနည်းရှိတယ်။ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်အဖွဲ့က မကောက်လည်း မကောက်ရဲ ဖြစ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ သန်းခေါင်စာရင်း မကပ်ရသေးတဲ့ အိမ်တွေကို ကောက်ယူပြီးစီးကြောင်းစာတွေ လိုက်လံကပ်နေတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တွေက တအိမ်ကို အိမ်ထောင်ဦးစီးတယောက်က အိမ်ထောင်စုစာရင်းစာရွက်ယူကာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ဖြေဆိုဖို့ ဖိအားပေးယူတာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီကတော့ ဧရာဝတီတိုင်း အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကို နေ့စဉ် မြေပြင်ကွင်းဆင်းကာ တအိမ်တက် တအိမ်ဆင်း ကောက်ယူနေတယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ MRTV၊ MWD ရုပ်မြင်သံကြားဌာနတွေအပြင် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေကပါ နေ့စဉ် ကြေညာနေတယ်လို့ သိရပါတယ်။