ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ တိုက်ပွဲတွေရှိနေတာကြောင့် သန်းခေါင်စာရင်းမကောက်နိုင်ဘူးလို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
သန်းခေါင်စာရင်းစကောက်တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ဒီနေ့အထိ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်တာကလွဲပြီး သန်းခေါင်စာရင်းကောက်နိုင်တဲ့ အခြေအနေမရှိသလို ချင်းပြည်နယ်ရဲ့ မြို့ ၃ ခုလောက်မှာပဲ ကောက်နိုင်တယ်လို့ မင်းတပ်မြို့နယ် ပအဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က DVB ကို ပြောပါတယ်။
ဆလိုင်းယောမာန်က “မင်းတပ်မှာ စကစတပ်သားတွေ တခါတရံ ကင်းလှည့်တာကလွဲလို့ အပြင်ကို မထွက်ကြဘူး။ သန်းခေါင်စာရင်း လုံးဝကောက်နိုင်မှာ မဟုတ်ဘူးခင်ဗျ။ တခြားနေရာတွေမှာတော့ အနည်းငယ်ကောက်တယ်လို့သိရတယ်လို့” ပြောပါတယ်။
ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကန်ပက်လက်၊ တီးတိန်၊ မင်းတပ် စတဲ့မြို့တွေဟာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် ထန်တလန်နဲ့ မင်းတပ်မြို့တို့မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါး၊ ဖလမ်းနဲ့ တီးတိန်မြို့တို့မှာပဲ သန်းခေါင်စာရင်းကောက်နိုင်ပြီး ဟားခါးမြို့မှာတော့ အောက်တိုဘာ ၁ ရက်နေ့က စျေးဟောင်းရပ်ကွက်၊ အစိုးရမူကြိုကျောင်းနဲ့ ရဲစခန်းအနီးတဝိုက်က နေအိမ်တွေကို သန်းခေါင်စာရင်း ကောက်ယူရာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဟားခါးမြို့ခံ တယောက်က ပြောပါတယ်။
ဟားခါးမြို့ခံတယောက်က “သူတို့က တအိမ်ဆင်းတအိမ်တက်ပဲလိုက်ကောက်တာ။ ပစ်ခတ်မှုအပြီး လိုက်ကောက်တာ သိပ်မတွေ့ရတော့ဘူး။ သူတို့လုံခြုံရေးကိုစိုးရိမ်လို့။ သူတို့ဆီကိုပဲ လာစာရင်းပေးခိုင်းတာလည်း မရှိဘူး” လို့ ပြောပါတယ်။
သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီက ကြေညာကတည်းက စာရင်းကောက်မှာကို လက်မခံဘူးလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာထားပြီး စာရင်းကောက်ဖို့ ကူညီနေသူတွေကိုလည်း အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။