Home
မြန်မာသတင်း
ဘားအံတွင် သန်းခေါင်စာရင်းကောက်အဖွဲ့ကို လုံခြုံရေးယူသည့်စစ်တပ် တိုက်ခိုက်ခံရ
DVB
·
October 11, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သာမညကျေးရွာမြောက်ဘက် ‌ဝင်းစိန်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီက ဝင်းစိန်ကျေးရွာ ဇေယျာသီရိရပ်ကွက် ဝင်းစိန်ဘုန်းကြီးကျောင်း မုခ်ဝအနီးမှာ လုံခြုံရေးယူနေတဲ့ ဟိုက်ဂျက်ယာဉ်ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

ဝင်းစိန်ရွာမှာ ဆသရ-၇ တပ်က စစ်သားတွေ တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သာမညဒေသခံတယောက်က “သန်းခေါင်စာရင်းကောက်တာ ၂ ရက် ၃ ရက်ရှိပြီ။ စစ်တပ်က လုံခြုံရေးဆွဲထားတဲ့ ဟိုက်ဂျက်ကားကို လာပစ်သွားတာ၊ ၃ ယောက်သေပြီး ၃ ယောက်ဒဏ်ရာရတယ်။ အဲ့လူတွေကိုတော့ စစ်ကားနဲ့ လာတင်သွားတယ်။ ဖြစ်ဖြစ်ချင်းတော့ အနီးကရွာသားတွေ ရှောင်တိမ်းကြသေးတယ်။ ဒီမနက်တော့ ပြန်ရောက်လာပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပေမဲ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ စစ်တပ်က သာမညဒေသတဝိုက်မှာ လုံခြုံရေးတိုးမြှင့်ထားပြီး သန်းခေါင်စာရင်း ဆက်ကောက်နေတယ်လို့ သိရပါတယ်။

သာမညဒေသဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းမှာရှိပြီး ဘားအံမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးကကျေးရွာတွေကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနေတာနဲ့ ပတ်သက်လို့ KNU က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024