တပ်မြို့လို့ လူသိများတဲ့ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အောက်တိုဘာ ၈ ရက် မနက်က သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို ရိုက်နှက်ပြီး ဖုန်းနဲ့ Tablet တွေ ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိတ္တီလာမြို့နယ် သံဘိုကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာမှာ မနေ့ မနက် ၉ နာရီက သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို အမည်မသိအမျိုးသား ၄ ယောက်က ရိုက်နှက်ပြီး ဖုန်းနဲ့တက်ပလက်တွေ ယူဆောင်သွားတာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။
“ရွာမှာ သန်းခေါင်စာရင်းလာကောက်တဲ့ အဖွဲ့ကို ရွာအဝင်ကနေ ရိုက်နှက်ပြီး ဖုန်းတွေ၊ တက်ပလက်တွေ ယူဆောင်သွားတာ၊ ဒဏ်ရာရတဲ့သူတွေကို စစ်တပ်က မိတ္တီလာတပ်ဆေးရုံကို ပို့လိုက်တယ်။”
ရိုက်နှက်လုယက်ခံရတဲ့အဖွဲ့မှာ ဒေါ်အိအိငြိမ်း ဦးဆောင်တဲ့ စာရင်းကောက်၊ စာရင်းစစ်အဖွဲ့ဖြစ်ပြီး ၂ ယောက် ဒဏ်ရာရရှိကာ Tablet ၂ လုံး၊ Stick ၁ခု၊ Power Bank ၃ ခုတို့ ယူဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“တပ်က လုံခြုံရေးမပေးနိုင်ဘဲ ရွာတွေဆင်းခိုင်းတော့ ပိုဆိုးတာပေါ့။ မိတ္တိလာလို တပ်မြို့မှာဖြစ်တာ ရှက်ဖို့ကောင်းတယ်။ တော်သေးတယ် လူမသေလို့။”
လုယက်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး နဘဲကုန်းကျေးရွာ နဲ့ အနီးတဝိုက်တွေကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။
မိတ္တီလာမြို့မှာ သန်းခေါင်စာရင်းကောက်ကွက် ၇၁၂ ကွက်ရှိပြီး စာရင်းစစ် ၅၉ ယောက် နဲ့ စာရင်းကောက် ၂၂၃ ယောက်တို့ဟာ မနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ကောက်ယူနေတယ်လို့ သိရပါတယ်။