Home
မြန်မာသတင်း
လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်သူ ၉ ဦးကို PDF က ဖမ်းဆီးစစ်ဆေးနေ
DVB
·
October 7, 2024
Photo-MOI

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က သန်းခေါင်စာရင်းကောက်ယူနေသူ ၉ ယောက်ကို ဖမ်းဆီးထားပြီး ကောင်းမွန်စွာစစ်ဆေးနေကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာက သန်းခေါင်စာရင်း ကောက်ယူနေသူတွေကို အောက်တိုဘာ ၆ ရက်မှာ ဖမ်းဆီးခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်း စစ်ဆေးနေကြောင်း လောင်းလုံး ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်တာနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ လာခေါ်တာပါလို့ ပြောပြီး ခေါ်လာတာပါ။ နေအိမ်တွေမှာ သွားခေါ်တာရှိသလို တချို့လည်း လမ်းခုလပ်ကနေ ခေါ်လာတာ ရှိပါတယ်။ သူတို့လည်း အသာတကြည်ပဲ လိုက်လာကြတာပါ။ ကျနော်တို့ဘက်ကလည်း သူတို့ကို မစိုးရိမ်ကြဖို့နဲ့ မိသားစုဝင်တွေကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာ အကြောင်းကြားပေးဖို့ ရှိပါတယ်။”

လောင်းလုံးမြို့နယ်၊ ရေဖြူရွာမှာ နေထိုင်သူတွေရဲ့ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး၊ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး စာရေးမ ဒေါ်သီတာတို့ ၇ ယောက်ကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကောင်စီက မနေ့ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့က သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ ကူညီပေးနေတဲ့ မြို့မိမြို့ဖ ဦးကမ်လျန်ထန် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ထွက်ပေါက်တခုဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့အတွက် သန်းခေါင်စာရင်း ကောက်တာဖြစ်​ပြီး အဲဒီဆောင်ရွက်ချက်ကို လုံးဝလက်မခံဘဲ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ကြောင်းလည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က အောက်တိုဘာ ၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အောက်တိုဘာ ၁ ရက်ကစပြီး သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာ ၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူမှု ရပ်နားထားကြောင်း ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013