မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ ဆွေးနွေးဖို့ အာဏာသိမ်းစစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေဟာ NCA လက်မှတ်ထိုး ၉ နှစ်ပြည့် အခမ်းအနားအပြီး နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
အဲဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအပြင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးနေတဲ့ အကြောင်းအရာကိစ္စတွေကို အလုပ်ရုံသဘောမျိုး တွေဆုံဆွေးနွေးကြမှာလို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ကြမယ့်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ၃ ပွင့်ဆိုင် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး စစ်ရေး အခြေအနေတွေကို ကျော်လွှားနိုင်မယ့် ကိစ္စတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီတကြိမ် တွေ့ဆုံမှုကတော့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုလို့ ပြောလို့မရဘဲ NCA ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲအပြီးမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ဘယ်လို ဆက်လုပ်မလဲဆိုတာတွေကို အလုပ်ရုံဆွေးနွေးပွဲပုံစံ တွေ့ဆုံဆွေးနွေးမှာလို့ အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်မှာ အပစ်ရပ် ၇ ဖွဲ့အပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီး စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ရေးကူညီဖို့နဲ့ အဲဒီရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရက တိုင်းရင်းသားတွေ အခွင့်အရေးပေးနိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။