စစ်ကောင်စီက ဧရာဝတီတိုင်းမှာ စစ်တပ်နဲ့ ရဲ အပါအဝင် လူအင်အား ၂,၀၀၀ ကျော်နဲ့ ၂၀၂၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူ တဲ့အဖွဲ့တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ကွက်ကောက်ပေါင်း ၁၄,၂၉၆ ကို စစ်ကောင်စီက စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ မီးသတ်၊ ပညာရေးဝန်ထမ်းတွေ အပါအဝင် လူအင်အား ၂,၀၀၀ ကျော်နဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူနေတယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့ဝင်တယောက်က “သန်းခေါင်စာရင်း ကောက်ယူရာမှာ သတ်မှတ်ထားတဲ့ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခု မေးမြန်းပြီး ကောက်တာ။ ကောက်ယူပြီးစီးသွားတဲ့ နေအိမ်တွေမှာ ကောက်ယူပြီးစီးကြောင်း စာကပ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ရဲ့ လုံခြုံရေးကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပေးထားတယ်။ မဖြစ်မနေ လုပ်ပေးရတာလေ။ ဘယ်လောက် လုံခြုံရေး အားကောင်းကောင်း ကြောက်တာပေါ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက်ယူမယ့် နေ့ရက်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် မိသားစုအကြောင်းအရာ ဖြေပေးနိုင်မယ့် သူတယောက် ရှိနေပေးဖို့ စစ်ကောင်စီ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စက်တင်ဘာလထဲမှာ စာလိုက်ဝေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျိုက်လတ်ဒေသခံတယောက်က “အမတို့တိုင်းက သူတို့ ကောင်းကောင်းထိန်းချုပ်ထားတဲ့ တိုင်းလေ၊ PDF တွေကို ကြောက်တော့ လုံခြုံရေးကို အစွမ်းကုန်သုံးထားတာ။ လက်နက်တွေလည်း အပြည့် တပ်ဆင်ပေးထားတာ တွေ့ရတယ်။ မေးမြန်သူနဲ့ ကောက်တဲ့သူက တယောက်တည်းပါ။ လုံခြုံရေးက ၃ ယောက် ပါတယ်။ တချို့ရွာတွေမှာ ၅ ယောက် ပါတယ်။ လူအဝင်အထွက်နဲ့ ခရီးသွားနေသူ၊ ပြည်ပ သွားလာမှုကို အဓိကထား မေးတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၁၅ ရက်ခန့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ ကြေညာထားပြီး လာမယ့် ဒီဇင်ဘာလမှာ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းထဲက သူတို့အတွက် မလုံခြုံဘူးလို့ ထင်တဲ့နေရာတွေကို စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာwအုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်းမေးခွန်းကို အုပ်ချုပ်ရေးမှူးရုံးကို လာဖြေဖို့ ဖိအားပေး ခေါ်ထားပြီး လာမဖြေတဲ့ ဒေသခံတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။