Home
မြန်မာသတင်း
မောင်တောတွင် ARSA တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ
DVB
·
October 7, 2024
ပစ်ခတ်ခံခဲ့ရသည့်ကား
ARSA_07102024-1
ARSA_07102024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့က ဈေးဝယ်ပြီးပြန်လာတဲ့ ဒေသခံ ၆ ယောက်ကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ် (ARSA) က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် ၄ ယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာသားတွေနဲ့ သာယာကုန်းကျေးရွာသား ၆ ယောက်ဟာ ဖောကားနဲ့ တောင်ပြိုလက်ဝဲမြို့က ဈေးဝယ်ပြီးအပြန် အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ တောင်ပြိုလက်ဝဲမြို့နဲ့ မီးတိုက်ကျေးရွာအကြားမှာ ARSA တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အမျိုးသမီးတယောက် သေဆုံးကာ နောက်ထပ် အမျိုးသမီးတယောက်နဲ့ အမျိုးသား ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

မောင်တောဒေသခံတယောက်က “သူတို့က တောင်ပြိုလက်ဝဲကနေ ဈေးဝယ်ပြီး အပြန်မှာ ARSA ရဲ့ တိုက်ခိုက်မှုကို ခံကြရတာဖြစ်တယ်။ အမျိုးသမီးတဦးကတော့ ဦးခေါင်းမှာ ကျည်ထိပြီးတော့ နေရာမှာတင် ဆုံးသွားတယ်။ နောက်ထပ် အမျိုးသမီးတဦးနဲ့ အမျိုးသား ၃ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ ARSA ရဲ့ အန္တရာယ်တွေက မကြာခဏ ရှိလာတာကြောင့် ပြည်သူတွေမှာ အသွားအလာကအစ အရမ်းကို သတိထားပြီး သွားလာနေကြရတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာက ဒေါ်ဆန်းဆန်းဦး (၃၈ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသူတွေမှာ အောင်မင်္ဂလာကျေးရွာက ဦးစိုးနိုင် (၂၇ နှစ်)၊ မဌေး (၂၁ နှစ်)၊ ဦးညီချေ (၄၂ နှစ်)၊ သာယာကုန်းကျေးရွာက ဦးထွန်းဝင်းလှိုင် (၄၅ နှစ်) တို့ ဖြစ်ကြပါတယ်။

အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာတပ် (ARSA) တပ်ဖွဲ့တွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ARSA ရဲ့ ပြည်သူတွေအပေါ် အခုလို သတ်ဖြတ်နေမှုကို ကာကွယ်ဖို့အတွက် အာရက္ခတပ်တော်အနေနဲ့ နယ်မြေလုံခြုံဖို့ ဆောင်ရွက်သင့်တယ်လို့ မောင်တောဒေသခံ နောက်တယောက်က ပြောပါတယ်။

“မောင်တောနဲ့ ဘူးသီးတောင်မှာက မွတ်ဆလင် လက်နက်ကိုင်တွေရဲ့ အန္တရာယ်က အချိန်မရွေး ရှိလာနိုင်သေးတယ်။ အဲတာကြောင့် အာရက္ခတပ်တော်အနေနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိစွာ နေထိုင်ဖို့နဲ့ သွားလာနိုင်အောင် နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်သင့်တယ်။ ဒေသခံတွေအနေနဲ့လည်း AA ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီးတော့ သတိလက်လွတ် မသွားလာကြဖို့ အရေးကြီးတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှာ ဈေးလာဝယ်တဲ့ ဘူးသီးတောင်မြို့နယ်က ကားတစီးကို ARSA က တိုက်ခိုက်ခဲ့တာကြောင့် ဘူးသီးတောင်မြို့ခံ ၅ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO၊ ARA နဲ့ စစ်ကောင်စီသင်တန်းဆင်း ရိုဟင်ဂျာတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ မောင်တောမြို့ရဲ့ လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ နခခ ၅ မြို့သူကြီးကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်ကတည်းက ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013