မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာက အမျိုးသား ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာရှိ နေအိမ်တအိမ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီခွဲက စစ်ကောင်စီတပ်နဲ့ လုံခြုံရေးအဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ဒေသခံ အမျိုးသား ၄ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ ရွာခံတယောက်က ပြောပါတယ်။
“ရဲကပြောတာတော့ ရွာထဲကို PDF တွေ ရောက်နေတယ်ဆိုပြီး အိမ်ထဲကိုဝင်ပြီး ဖမ်းသွားတာ။ စစ်တပ်လည်း ပါတယ်၊ လူအများကြီးပဲ။ အခုအချိန်က သန်းခေါင်စာရင်းတွေလည်း လိုက်ကောက်နေတော့ လူတွေကိုဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းမလို့ လုပ်တာထင်တယ်။”
စစ်ကောင်စီတပ်က အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ယောက်နဲ့ အသက် ၅၀ နဲ့ ၆၀ အရွယ် အမျိုးသား ၂ ယောက်တို့ကို M-16 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၄၀ တောင့်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ လုံခြုံရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၄ ယောက်ကိုတော့ လက်ရှိမှာ စစ်ကြောရေးကို ပို့ဆောင်ထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
အမျိုးသား ၄ ယောက် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို သူတို့ ၄ ယောက်ဟာ PDF အဖွဲ့ဝင်တွေ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် ညကလည်း ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ ဈေးရှေ့မှာ အုပ်စုဖွဲ့ထိုင်နေကြတဲ့ လူငယ်တစုကို PDF ဆိုပြီး စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တို့က သေနတ်ပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့သေးကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပေါင်မြို့နယ်အပြင် ရေး၊ သံဖြူဇရပ်၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာလည်း PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို စက်တင်ဘာလနဲ့ အောက်တိုဘာလဆန်းပိုင်းတွေမှာ လိုက်လံဖမ်းဆီးနေသလို PDF ကို ကူညီထောက်ပံ့နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့လည်း အရပ်သား ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။