Home
မြန်မာသတင်း
ဘုတလင်တွင် ဖမ်းမိသည့် စစ်ကောင်စီတပ်က ပြည်သူကို သတ်ဖြတ်ခဲ့ဟု ဝန်ခံ
DVB
·
October 7, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီဘက်ကနေ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူတွေထဲက ဗိုလ်ကြီး အောင်ကျော်ဇင်၊ တပ်သား အောင်စိုးမိုး၊ တပ်သား အေးမင်းဟိန်း တို့က ပြည်သူပိုင်ပစ္စည်းတွေကို လုယူ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားတဲ့ ရုပ်သံကို မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း (Battalion of Budalin-BOB) က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

BOB ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဖမ်းမိထားတဲ့သူ အားလုံးကိုလည်း သုံ့ပန်းဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်ထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဆန္ဒနဲ့သူတို့ အခုလို ကနဦး ဝန်ခံလာကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဗိုလ်ကြီး အောင်ကျော်ဇင် ဦးဆောင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲက ကူတော်ရဲစခန်းကို စစ်​ကူသွားရောက်စဥ် ကျွန်းသေချောင်းကျေးရွာက ပြည်သူတယောက်၊ ကတိုးကျေးရွာက အသက် ၇၀ ကျော် အမျိုးသားတယောက်အပြင် PDF ၂ ယောက်တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကတိုးကျေးရွာက နေအိမ် ၂၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းဖြစ်တဲ့ ဗိုလ်ကြီး အောင်ကျော်ဇင်က “ကျနော် ကူတော်ရွာကို ရွာတွင်းရှင်းလင်းရေး လုပ်တဲ့အချိန်မှာ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေကို  သတ်ဖြတ်ခဲ့ပါတယ်။ ပြီးတော့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အရာတော်ဘက်ကို လမ်းကြောင်းသွားတဲ့ အချိန်ကလည်း အပြစ်မဲ့ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အဲဒီအတွက် ကျနော့်မှာ အပြစ်ရှိကြောင်း ဝန်ခံပါတယ်။ ဒီ့အတွက် အများပြည်သူတွေအနေနဲ့ ကျနော့်အပေါ်မှာ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။ အရင်က အများပြည်သူတွေအပေါ် ကျနော့်အနေနဲ့ မှားယွင်းစွာ လုပ်ဆောင်ခဲ့မိတာ၊ ပြောဆိုဆက်ဆံမိခဲ့တာတွေကို နောက်နောင်မှာ မလုပ်တော့ပါဘူးလို့ ဝန်ခံကတိပြုအပ်ပါတယ်” လို့ BOB ကထုတ်ပြန်တဲ့ ရုပ်သံမှာ ဝန်ခံထွက်ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေက စစ်ကောင်စီတပ်ရဲ့ အမှတ် ၃၆၂ ခြေမြန်တပ်ရင်းမှ တပ်သား အောင်စိုးမိုးက “တွေ့ဖူးတဲ့ ပြည်သူတွေက ကျနော့် အမေ၊ အဖေတွေ အရွယ်တွေလောက် ရှိပါတယ်။ ကျနော်တို့က သူတို့အပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာတွေ၊ ဖမ်းခေါ်ပြီးတော့ အပြစ်မရှိဘဲနဲ့ အော်ဟစ်ရမ်းကားတာတွေ၊ မတရားသဖြင့် အိမ်တွေ မီးရှို့တာတွေက အထက်အကြီးအကဲတွေနဲ့ တပ်မတော်စစ်ဗိုလ်တွေရဲ့ အာဏာပေးမှုကြောင့်မို့ အမိန့်နာခံခဲ့ရတာပါ။ မဖြစ်မနေလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်လည်း အားလုံးကို ဝန်ချကန်တော့ပြီးတော့ တောင်းပန်ချင်ပါတယ်” လို့ ပြောပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ တပ်သား အေးမင်းဟိန်းက “ကျနော်က အဲလို အိမ်တွေ မီးရှို့တာတွေတော့ မလုပ်ခဲ့ပါဘူး။ အိမ်တွေထဲဝင်ပြီး ပစ္စည်းတွေ အဝတ်အစားတွေ ယူဆောင်တာတွေတော့ လုပ်ခဲ့ပါတယ်။ ပြည်သူတွေကို တောင်းပန်ပါတယ်။ ကျနော့်ရင်ထဲကစ ကားပါ၊ ကျနော် မသိခဲ့လို့ပါ။ ကျနော့်မိသားစု နေရေးထိုင်ရေး အခက်အခဲလေးကြောင့်သာ ဒါမျိုးတွေနဲ့ စပ်ယှက်ပြီး နေခဲ့ရတာပါ” လို့ ​ရုပ်သံထဲမှာ ထွက်ဆိုထားပါတယ်။

BOB ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “တိုက်ပွဲထဲမှာ သေတဲ့ သူတို့ထက် ရာထူးကြီးတဲ့ ကောင်တွေက ခိုင်းတာလုပ်ရတာတို့၊ အထက်ကခိုင်းလို့ လုပ်ရတယ် ဆိုတာတို့နဲ့ လွှဲချတာပေါ့။ ဖမ်းမိတဲ့ကောင်တွေ တော်တော်များများကတော့ ဒီလိုပဲ ဖြေကြတယ်။ အစကသာ အသိတရားရှိခဲ့ရင် ဒီလိုမလုပ်ဘူး။ ဒီအခြေအနေကို ရောက်တော့မှ မဖြစ်သာတဲ့အဆုံးမို့ ကြောက်ပြီး ဝန်ခံကြတယ်လို့ မြင်တယ်လေ။ ဒါပေမဲ့လည်း သူတို့လုပ်ရပ်တွေက စစ်ရာဇဝတ်မှု မြောက်နေတာပဲ။ အခုလောလောဆယ် သုံ့ပန်းဥပဒေနဲ့အညီ ဒီမှာ ဆက်ထိန်းသိမ်းထားပြီးတော့ ထွက်ဆိုချက်တွေအရ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းမှ ဘုတလင်မြို့ကို ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ဗိုလ်မှူးကျော်တင့် ဦးဆောင်ပြီး ခမရ ၁၀၆၊ ၃၀၉၊ ၁၆၊ ခလရ ၂၂၉ နဲ့ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား ၈၅ ယောက် ပါဝင်တဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃၃ ယောက်သေဆုံးကာ ဗိုလ်ကြီး ၂ ယောက် အပါအ၀င် စစ်သုံ့ပန်း ၄၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၅၆ လက်နဲ့အတူ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013