ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ကို စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား ၃ ယောက်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၅ ရက်ညနေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင် ၃ ယောက်ဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကဖြစ်ပြီး အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ကို တိမ်းရှောင်လာရင်း ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
“ဦးသာမူးဆိုအပါအဝင် ၃ ယောက်အဖမ်းခံရတာ။ သူတို့က ရခိုင်ကလာတဲ့ စစ်ဘေးရှောင်တွေပါ။ ၃ ယောက်စလုံး အမျိုးသားတွေပဲ။ ၂ ယောက်က သားအဖတဲ့၊ တယောက်က သက်သက်ပါ။ လာတဲ့လမ်းမှာ အဖမ်းခံရတာလို့ သိရတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူ တယောက်က ပြောပါတယ်။
စစ်ကောင်စီ တပ်နဲ့ နီးစပ်သူတယောက်က “AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီး ဖမ်းတာ။ ဖမ်းတာ မှန်တယ်ဆိုတာပဲ သိရတယ်။ ဘယ်ခေါ်သွားလဲတော့ မသိဘူး။ ဖမ်းဆီးခံရသူ မိသားစုတချို့က ငါးသိုင်းချောင်းမှာရှိလို့ လာတာလို့ပဲ သိရတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရခိုင်နဲ့ ထိစပ်နေတဲ့ ရေကြည်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ မြန်အောင် စတဲ့မြို့နယ်တွေကို ရခိုင်က အရပ်သား စစ်ဘေးရှောင်တွေ တိမ်းရှောင်လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ရခိုင်ကနေ စစ်ဘေးရှောင်ဖို့ရောက်လာတဲ့ အသက် ၂၀ ကျော်နဲ့ အသက် ၅၀ ကျော်အရွယ် အရပ်သား ၂ ယောက်ကို AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။