Home
မြန်မာသတင်း
ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်တပ်က တရက်တည်းအကြိမ် ၇၀ နီးပါးဗုံးကြဲ
DVB
·
October 6, 2024
Photo - ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တဦး

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီနဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးသလို လေကြောင်းကနေ တရက်တည်း အကြိမ် ၇၀ လောက် ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာတော့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး လေကြောင်းကနေ ဗုံးတွေ အများအပြား ကြဲချ တိုက်ခိုက်လာခဲ့တာပါ။

ထန်တလန် CDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မြို့ပေါ်က သူတို့တွေတပ်စွဲထားတဲ့ နေရာတွေကို ဝင်တိုက်တာ မနက် ၅ နာရီလောက်ကတည်းက ညနေ ၆ နာရီလောက်အထိ တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပေါ့။ သူတို့ဘက်က အသေအပျောက်များတယ်။ တော်တော်လေးလည်း အထိနာတယ်။ စစ်တပ်ဘက်ကသေတဲ့ အရေအတွက်ကျတော့ အတိအကျသိရဖို့ မလွယ်သေးဘူး။ သူတို့ဘက်က လေကြောင်းကနေ ဆက်တိုက် ပစ်ခတ်ဗုံးကြဲနေတာ” လို့ ပြောပါတယ်။

ထန်တလန်မြိုပေါ်တိုက်ပွဲအတွင်း အထိနာတဲ့စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ Y 12 လေယာဉ်နဲ့အကြိမ် ၆၀ နီးပါး၊ ဂျက်ဖိုက်တာနဲ့ ၁၀ ကြိမ်နီးပါး ဗုံးကြဲခဲ့ပြီး ပစ်ကူပေး တိုက်ခိုက်ခဲ့​တယ်လို ဆိုပါတယ်။

ထန်တလန် CDF ရဲ့ တာဝန်ခံတယောက်က “အရင်ရက်တွေကတည်းက တိုက်ပွဲက နေ့တိုင်းနီးပါး ရှိနေခဲ့တာ။ အဲဒီနေ့ကတော့ အပြင်းထန်ဆုံးပဲ။ ထပ်ရတဲ့တပ်စခန်းတွေလည်းရှိပါတယ်။ သတင်းထုတ်ပြန်ဖို့ အခုတော့အချိန်မကျသေးလို့ပါ။ အဆင်ပြေတဲ့အချိန် ထုတ်ပြန်ပေး ပါလိမ့်မယ်။ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်တဲ့အနေအထားအထိ ကျနော်တို့ ဆက်တိုက်သွားမှာပါ” လို့ ​DVB ကို ပြောပါတယ်။

ချင်းပြည်နယ်အစိုးရရဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ထန်တလန်မြို့ကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကစလို့ Tilim Operation 4 အမည်နဲ့ စစ်ဆင်ရေးတွေဆောင်ရွက်နေပြီး အချိန် ၂ လခွဲဝန်းကျင်အတွင်း စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်ကြတဲ့ အော်တိုတောင်စခန်း ၃ ခု အပါအဝင် ထန်တလန်-ဟားခါးလမ်းပိုင်းမှာရှိတဲ့ တပ်စခန်းတွေနဲ့ လိုင်ဗီလာ (Lai Villa) တည်းခိုခန်း တပ်စခန်းတို့ကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ ယာယီတပ်စွဲနေတဲ့ NLD ပါတီရုံး၊ ရဲစခန်းနဲ့ CB ဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးရင် ထန်တလန်မြို့ဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက လိုင်ဗီလာ (Lai Villa) တည်းခိုခန်း တပ်စခန်းကို သိမ်းပိုက်ရရှိပြီးချိန်မှာ ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ ​ပြန်ကြားရေးတာဝန်ခံတယောက်က DVB ကို ပြောခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013