စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ချပေးတဲ့ ထောက်ပို့ပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ရဲ့ တပ်ရင်း ၁၇ ကနေ အောက်တိုဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်ကိုင်းတိုင်းထဲကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က သူတို့တပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေအတွက် လေယာဥ်နဲ့ချပေးတဲ့ ရိက္ခာတွေနဲ့ စစ်ပစ္စည်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျနော်တို့ဗျူဟာရဲ့ တပ်ရင်း ၁၇ က ရဲဘော်တွေ သိမ်းဆည်းရရှိခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေထဲမှာ RPG ဗုံးသီးတွေ အပါအ၀င် စားနပ်ရိက္ခာအစုံအလင် ပါဝင်တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင် ဗျူဟာ ၄၂၊ တပ်ရင်း ၁၇ ရဲ့ တာ၀န်ခံတယောက်က “၂ ရက် ၂ ကြိမ်ရတာဗျ။ ရတဲ့နေရာကိုတော့ လုံခြုံရေးအရပြောလို့မရလို့ပါ။ ၂ ကြိမ်ပေါင်းဆို RPG ဗုံးသီး အလုံး ၂၀၊ ၇၃ နဲ့ ၇၅ RPG တွေနဲ့ မားမားခေါက်ဆွဲခြောက်နဲ့ စားနပ်ရိက္ခာအစုံအလင်ပါ၀င်တဲ့ ဆာလာအိတ်တွေ ၄ လုံးရတယ်” လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင်တပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်ကိုင်းတိုင်းအတွင်းက တပ်ရင်း ၁၁၊ ၁၇၊ ၂၈၊၂၉ တွေကိုစုစည်းကာ ဗျူဟာ ၄၂ အဖြစ် ပြီးခဲ့တဲ့လပိုင်းမှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဖေါ်ဆောင်နေကြတာလို့ သိရပါတယ်။