စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်တပ်ဘက်က ဒရုန်းယာဉ်အသုံးပြုပြီး အောက်တိုဘာ ၄ ရက် မနက် ၅ နာရီခန့်က ဗုံးသီးကြဲချ တိုက်ခိုက်တယ်လို့ ခင်ဦးဒေသခံတွေ ဆီကနေ သိရပါတယ်။
လာရောက်ကြဲချတဲ့ ဒရုန်းဟာ ရေဦးမြို့နယ်၊ အောင်သာယာ ပျူရွာကနေ လာပစ်တာလို့လည်း သိရပါတယ်။
မုံလှရွာက ဆရာကျောင်းက “တိုက်ပွဲက မဖြစ်ဘူး၊ သူတို့ ထိုးစစ်ဆင်လာတော့မယ့်သဘောရှိတယ်။ အောက်တိုဘာ ၃ ရက်နေ့ကလည်း တနေကုန် ဒရုန်း ၅ စီးနဲ့ ကျနော်တို့ရွာ အရှေ့ဘက် တရွာကျော် ကျည်စုရွာကို တနေကုန် ဗုံးသီးတွေချနေတာ။ အဲရွာကရွာသားတွေလည်း အကုန် နေရပ်စွန့်ခွာနေရတယ်။ ကျည်စုရွာက ပြည်သူ ၆ ဦးကျော်လည်း ကျည်စထိမှန်ထားတာရှိတယ်။ ကျည်စုရွာတွင်း အခြေအနေကတော့ ဘာမှမသိရသေးဘူး။ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ကျတော့ ကျနော်တို့ရွာကို ဒရုန်းယာဉ်နဲ့ ဗုံးသီး ၂ လုံးချတယ်။ ပြည်သူနေအိမ်ပေါ် ကျတယ်။ မီးဖိုအဆောင် အိမ်တလုံး ပျက်စီးတယ်။ ၈ နှစ်အရွယ်၊ ၁၁ နှစ်အရွယ်၊ ၁၆ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် အသက် ၄၀ ကျော် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း ၅ ဦး ကျည်စထိမှန်ထားတယ်။ နောက်ထပ် နွား ၂ ကောင်လည်း သေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်က စတင်ပြီး ရေဦးနယ်နဲ့ ခင်ဦးနယ်ဘက်ကို လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းယာဉ်အသုံးပြု ဗုံးသီးချ တိုက်ခိုက်မှုတွေကို ခပ်စိတ်စိတ် ပြုလုပ်လာနေတာကြောင့် ရေဦးမြို့အနီးဝန်းကျင် ကျေးရွာက ပြည်သူတွေနဲ့ ခင်ဦးမြို့နယ်က ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
ခင်ဦးပကဖ တာဝန်ရှိသူတယောက်က “အခုရက်ပိုင်းမှာ စစ်တပ်က ထင်ကြေးတွေနဲ့ ပြည်သူနေတဲ့ ရွာတွေဘက်ကို တိုက်ခိုက်တာတွေ ခပ်စိတ်စိတ် ပြုလုပ်လာတာ တွေ့ရတယ်။ ဒါ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တိုက်ခိုက်လာတာဗျ။ စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်နဲ့ မညီတဲ့ စစ်တပ်ကို နိုင်ငံတကာအနေနဲ့ ဒီအတိုင်းကြည့်နေေတာ့မှာလား။ ကျုပ်တို့ပြည်သူတွေ ဘယ်လောက် သေဆုံးရဦးမှာလဲ။ ကျုပ်တို့ ကာကွယ်ရေးတပ်ကတော့ အရပ်သားတွေရှိတဲ့ နေရာတွေနဲ့ တခြားစီ နေထိုင်တယ်။ အများနဲ့သက်ဆိုင်တဲ့ နေရာတွေနဲ့ တခြားစီနေတာ။ ကျနော်တို့တပ်တွေ မရှိဘဲနဲ့ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာ” လို့ ပြောပါတယ်။
အောက်တိုဘာ ၃ ရက်ကလည်း ရေဦးမြို့နယ်၊ သံသည်ရွာကို ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံကနေ ၈၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။