Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကြောင်းတခုလုံး အပျောက်တိုက်ခံရသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
October 3, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းတခုလုံး အပျောက်တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်နေပါတယ်။

စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဘုတလင်မြို့နယ်မှာ ဒေသတွင်း PDF တွေက ပူးပေါင်းတိုက်ခိုက်တာကြောင့် အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုလုံး ဆုံးရှုံးခဲ့တာပါ။ 

တိုက်ပွဲချိန် ၃ နာရီဝန်းကျင်ကြာခဲ့တဲ့ ဘုတလင်နယ် ကျွဲသေချောင်းနဲ့ စီပါရွာအနီးတိုက်ပွဲမှာ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၄၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

တိုက်ပွဲကနေ လက်နက်ငယ် ၅၇ လက်၊ ၆၀ မမ စိန်ပြောင်း ၂ ခု၊ ဒရုန်း ၂ စီး၊ ဂျန်ဘာအကြီး ၁ ခုနဲ့ ကျည်ဆန်အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။

UNF Column စစ်ကြောင်းမှူး ကိုနိုင်မင်းက “စစ်သားက အသေကတော့ ၅၀ ကျော်မယ်၊ အရှင်ကတော့ ၄၂ ယောက်ပေါ့။ ဗိုလ်မှူး ၂ ယောက် အပါအဝင်ပေါ့။ အားသာချက် ကောင်းသွားတာက လေယာဉ်ခေါ်တဲ့ အရာရှိတယောက်က ကျသွားတာ၊ ကျနော်တို့ ပွဲဖြစ်တာတော့ ၁ နာရီအချိန်ပိုင်းပေါ့၊ ဂျက်ဖိုက်တာက ၂ နာရီထိုးလောက်မှာ ရောက်ချလာတယ်။ တိုက်ပွဲကြာချိန်ကတော့ ၃ နာရီပတ်ခြာလည်လောက်ရှိတယ်။ အရာရှိတယောက်က ပထမတခေါက်တော့ သူခေါ်နိုင်သေးတယ်။ နောက်အခေါက်တွေကြတော့ မလာနိုင်တော့ဘူး၊ ဂျက်ဖိုက်တာက တခေါက်ပဲပစ်ပြီးမှ ၂ နာရီဝန်းကျင်မှာ ပစ်ပြီး ပြန်ခေါက်သွားတဲ့အချိန်မှာ ကျနော်က အဲ့အချိန်မှာ ထိသွားပြီလေ၊ ကလေးတွေ အားမရ အားမရနဲ့ အကုန်လုံးလွတ်သွားမှာစိုးတာနဲ့ ထပြီး မတ်တတ်ရပ်ပြီး Command ပေးတဲ့အချိန်မှာ လက်ကို ဖောင်းခနဲ ထိသွားတယ်၊ ကျနော်တယောက်ပဲ နည်းနည်းပြင်းထန်တာပေါ့၊ အသက်တော့ စိုးရိမ်စရာမရှိဘူး၊ လက်မောင်းကိုတော့ ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်သွားတယ်၊ လုံးဝအကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် တိုက်ပွဲမှာ အထိနာခဲ့တာကြောင့် စစ်ကောင်စီက အောက်တိုဘာ ၂ ရက်မှာ ဘုတလင်နယ်၊ မောင်းထောင်ရွာ အပါအဝင် ကျေးရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ 

မောင်းထောင်ရွာက အထက်တန်းကျောင်း၊ ဓမ္မာရုံနဲ့ ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဒေသတွင်း PDF တွေကတော့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ ရှေ့ဆက် တိုက်ပွဲတွေ ဆက်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်ကြောင်းမှူး ကိုနိုင်မင်းက “ကျွဲသေချောင်းနဲ့ စီပါနဲ့ကြားထဲ လယ်ကွင်းပြင်ပေါ့၊ စစ်ကြောင်းအင်အား ၂၀၀ နဲ့ ကျနော်တို့ ၄ ကြောင်းခွဲထားတယ်။ ခွဲထားပြီးမှ ရှေ့က တပွိုင့်ပိတ်တယ်၊ အားလုံးပေါ့ ငါးဖမ်းသလိုပေါ့၊ အုပ်ဆောင်းထဲ ရောက်လာအောင်ဆိုတဲ့ အနေအထားနဲ့ ကျနော်တို့က တိုက်လိုက်တာကိုး။ သူတို့ ဘေးလည်း ထွက်မပြေးနိုင်ဘူး၊ အနောက်လည်း မပြေးနိုင်ဘူး၊ ရှေ့လည်းမပြေးနိုင်ဘူး။ ညှပ်ပူးညှပ်ပိတ်နဲ့ ကျနော်တို့ တိုက်ပစ်လိုက်တာ။ ကျနော်တို့ဘက်ကလည်း Scout Drone နဲ့ ထောက်ပြီးမှ တောက်လျှောက် စစ်ကြောင်းကို မျက်ခြည်မပြတ် ကြည့်တယ်။ ကိုယ့်ခွင်ထဲရောက်မှ အလုပ်လုပ်မယ် ဆိုပြီးတော့မှ ကျနော်ကိုယ်တိုင်ပေါ့ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူလိုက်တာပေါ့။ ၅ ဖွဲ့ပေါင်း အင်အား ၂၀၀ ပေါ့၊ ကျနော်တို့ အဲ့လိုတိုက်ခဲ့လိုက်တယ်။ စစ်ကြောင်းကလည်း ရှည်တယ်ဗျာ၊ အင်အား ၁၀၀ ကျော် ၁၀၀ ပတ်ချာလည်လောက်ဆိုတော့ ရှေ့နောက်ကို လူမျှအောင် ချိန်ပြီးတော့မှ ရှေ့ကအဖွဲ့ကလည်း စစ်ကြောင်းကို တိုက်ခိုက်နိုင်အောင်ပေါ့၊ နောက်မှာ ကျန်ခဲ့တဲ့ စစ်ကြောင်းကိုလည်း နောက်ကအဖွဲ့က လက်လှမ်းမီအောင် ချိန်ပြီးမှ အလုပ်လုပ်လိုက်တဲ့အခါကျတော့ ကိုယ့်ဘက်က အသာစီးရသွားတာပေါ့နော်” လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို အောက်တိုဘာ ၂ ရက်အထိ စစ်ကောင်စီက လာမကောက်ဘဲ ဒီအတိုင်း စွန့်ပစ်ထားခဲ့ပါတယ်။

တိုက်ပွဲအရှိန်တွေကြောင့် ပြည်သူတွေအကြားမှာ စိုးရိမ်စိတ်မြင့်တက်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘုတလင်နယ်၊ မောင်းထောင်ရွာကို ကူတော်ရွာနယ်မြေခံရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ဒေသခံတွေ ရွာကို စွန့်ခွာနေရပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013