စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာဘက်ကို စစ်တပ်က အောက်တိုဘာ ၃ ရက် မနက် ၈ နာရီ မိနစ် ၄၀ လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီးတယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရေဦးတိုင်းရင်းဆေးရုံကနေ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ပစ်တာက ၅ လုံးပစ်တာဗျ။ ငြုပ်တုံရွာအနီး ချောင်းဘေးကို ၂ လုံးကျတယ်။ သံသည်ရွာအရှေ့ဘက် လယ်ကွင်းမှာ တလုံးကျတယ်ဗျ။ ဘာကြောင့်ပစ်တာလဲကတော့ မသိဘူး။ ကျနော်တို့ရွာဘက်မှာတော့ ဘာတိုက်ပွဲမှမရှိဘူး။ သူတို့က ပြည်သူကို အကြောင်းမဲ့သတ်နေတာ။ အခုလည်း သူတို့ပစ်တဲ့ လက်နက်ကြီးက ကျနော်တို့ရွာအရှေ့ဘက် ကားလမ်းအနီး လယ်ကွင်းထဲကျပြီး မြက်နုတ်နေတဲ့ အမျိုးသမီးတဦးရဲ့ခေါင်း ကျည်စထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားရတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၉ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
ရေဦးပအဖမှ ကိုပြေကြီးက “သူတို့ ရေဦးမြို့ပေါ်ကို အောက်တိုဘာ ၂ ရက်နေ့က ကျနော်တို့ဘက်က ဒရုန်းအသုံးပြုပြီး ရဲစခန်းနဲ့ ထွေအုပ်ရုံးနေရာတွေကို ဗုံးကြဲတာတွေ ရှိတယ်။ သူတို့ ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့လည်း ကြားရတယ်ပေါ့။ သူတို့အထိနာလို့ ဒီနေ့ရောက်မှ ပစ်တာလား၊ ဒါမှမဟုတ်ရင် ရေဦးမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်နေတာ ရှိတယ်။ အဲတာကြောင့် ပစ်တာလား မသိဘူး။ ဘာလို့ပဲဖြစ်ဖြစ်ပေါ့လေ ပြည်သူတွေရှိတဲ့ဘက်ကို အခုလို စည်းကမ်းမဲ့ပစ်တာကတော့ စစ်တပ်တခုရဲ့ ကျင့်ဝတ်နဲ့ မညီဘူးလို့ဘဲ ပြောရမယ်” လို့ ပြောပါတယ်။
ရေဦးမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပြီး ရေဦးမြို့ကေန သံသည်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ သတင်းေကြာင့် ဒေသခံအများစု ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။