စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းက ချောင်းနားတိုက်နယ် ဥက္ကံကျေးရွာအရှေ့ဘက် အိုင်ကြီးလမ်းခွဲပတ်ဝန်းကျင်ကို စက်တင်ဘာ ၃၀ ရက် မွန်းတည့် ၁၁ နာရီ မိနစ် ၅၀ လောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းဒေသခံတယောက်က“အဲနေရာက လမ်းဆုံ၊ လမ်းခွနေရာလေ၊ ပြောရရင် အချက်အချာကျတယ်။ အဲဒီလို အချက်အချာကျတဲ့ နေရာဆိုတော့ ပြည်သူတွေ ဈေးဆိုင်တွေ ဖွင့်ထားတဲ့ ဈေးတန်းက အရှည်ကြီးဗျ။ ရွာအမည်တာ မပေါက်သေးတာ ရွာတရွာလိုဖြစ် နေတာဗျ။ အဲဒီနေရာကို ကြဲချသွားတာ။ ဘာကြောင့်ကြဲချတယ်ဆိုတာကတော့ မသိဘူး။ မြေပြင်မှာတော့ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ကို ကြဲချသွားတာ”လို့ ပြောပါတယ်။
စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပြီး နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့ ကောလင်းမြို့နယ် ပအဖ အဖွဲ့ဝင်တယောက်က ပြောပါတယ်
“ကျနော်တို့ သွားပြီး ကူညီမှုပေးတော့ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း သေဆုံးသူ ၆ ဦးအထိ ရှိတယ်ဗျ။ ထိခိုက်သူတွေလည်း များတယ်ဗျ။ ဘာလို့ ကြဲတာလဲဆိုတာကတော့ မသိဘူး။ မြေပြင်ကတော့ လမ်းဆုံ၊ လမ်းခွပဲဗျာ၊ လူမျိုးစုံ ဖြတ်သန်းသွားတာတော့ ရှိမှာပေါ့။ သူတို့ထင်တဲ့ နေရာတိုင်း အခုလို ဗုံးချနေလို့ကတော့ ပြည်သူတယောက်မှ ရှိမှာကို မဟုတ်ဘူး။ ဈေးဆိုင်တွေ၊ အိမ်တွေလည်း ပျက်စီးတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် နေ့ကလည်း ကောလင်းမြို့နယ် တဂေါင်းအိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်အနီး ပင်လည်ဘူးမြို့နယ်မှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။