ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အရပ်သားလူငယ်တွေထဲက အမျိုးသား ၁၀ ယောက်ကို စစ်မှုထမ်းဖို့ ရွေးသွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စုရှိ အင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်က တော်လှန်ရေးတပ် PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၂၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ဒီအထဲက လူငယ်တချို့ကို စစ်မှုထမ်းခိုင်းဖို့ရှိ စီစဉ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သတင်းပေးတွေကြောင့် လူငယ်အယောက် ၃၀ ကို ဖမ်းခဲ့တာတာ။ အမျိုးသမီး ၈ ယောက် ပါတယ်။ သူတို့ကို စစ်သင်တန်းတက်ပြီး ပြန်လာတာကြောင့်ဆိုပြီး ဖမ်းတာလို့ သိရတယ်။ အဖမ်းခံရသူတွေထဲက လူငယ် အမျိုးသား ၁၀ ယောက်ကို စစ်မှုထမ်းဖို့ ရွေးထားတယ်လို့ သိရတယ်။ လက်ရှိတော့ တပ်ထဲမှာပဲရှိသေးတယ်” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရသူ အရပ်သား ဒေသခံ အယောက် ၃၀ ကို မအူပင် ခလရ-၂၇ တပ်ထဲမှာ ထားပြီး စစ်ကောင်စီတပ်က စစ်ဆေးနေကာ ဖမ်းဆီးခံရသူတွေထဲက စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် အသက် ၂၄ နှစ်အရွယ် လင်းထက်အောင်ဆိုသူ လူငယ်တယောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ဖမ်းခံရတဲ့သူတွေထဲက လူငယ်တယောက်က စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တာ။ နံရိုးကျိုးပြီး အတွင်းကလီစာတွေလည်း ပျက်စီးခဲ့တယ်။ သေဆုံးသူ အမျိုးသားရဲ့ အသက် ၃၀ အရွယ် အမျိုးသမီးလည်း တနေ့တည်းမှာပဲ အဖမ်းခံရတယ်။ ကောင်မလေးက ကိုယ်ဝန် ၄ လ ရှိနေတယ်။ အခု စစ်ကောင်စီက စစ်မှုထမ်းအတွက် လုပ်ကွက်တမျိုး ရွေးလာတယ်” လို့ ပြောပါတယ်။
မအူပင်မြို့နယ်မှာ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် ရွေးထားတဲ့ လူငယ်တွေ အပါအဝင် ဖမ်းဆီးခံထားရသူတွေကို မအူပင် ခလရ- ၂၇ တပ်ထဲမှာ စစ်ကြောရေးလုပ် ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အခုနောက်ပိုင်း စစ်မှုထမ်းဖို့ တိမ်းရှောင် ထွက်ပြေးတဲ့သူတွေ များလာတာကြောင့် မအူပင်မြို့နယ် အပါအဝင် ဧရာဝတီတိုင်းမှာ အကြောင်းအမျိုးမျိုးပြ လူဖမ်းကာ စစ်မှုထမ်းဖို့ စစ်တပ်ထဲ ရွေးထည့်တာတွေပါ လုပ်လာတယ်လို့ သိရပါတယ်။