Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းက အမျိုးသမီး ၂ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်၊ လက်ပံတန်းတွင် ဖမ်းခံရသူလူငယ် အဆက်အသွယ်မရ
DVB
·
September 29, 2024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသမီး ၂ ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ အလုပ်ကပြန်လာတုန်း ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တယောက်ကတော့ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး လို့သိရပါတယ်။

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးရင်း လယ်ကွင်းထဲဆင်းလာတဲ့ အမျိုးသမီး ၂ ယောက်ကို PDF အဖွဲ့တွေနဲ့ လာတွေ့တာလို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဖမ်းသွားတာ။ အဖမ်းခံရတာ မတူး ဆိုတဲ့ အမျိုးသမီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်ပါ။ သူတို့က လယ်သမားတွေပါ။ အဲဒါကို စစ်ကောင်စီတပ်က PDF တွေကို ထောက်ပံ့ရေးလုပ်ဖို့ တောစပ်လယ်ကွင်းထဲမှာ ချိန်းထားတာဆိုပြီး ဖမ်းသွားတာ။ ၂၇ ရက်နေ့က အမှုဖွင့်လိုက်တာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်က ဟိုင်းကြီးကျွန်းရဲစခန်းမှာ ချုပ်နှောင်ထားပြီး စက်တင်ဘာ ၂၇ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နဲ့ အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က “ဟိုင်းကြီးကျွန်းရဲစခန်းမှာ ဖမ်းထားတာလို့ပဲ သိရတာ။ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားဆိုတာစုံစမ်းလို့ရတယ်။ ဘာဆက်လုပ်မလဲတော့ မသိဘူး။ မိသားစုတွေနဲ့ အဆက်အသွယ်မပေးသေးဘူး။ PDF ထောက်ပို့ဆိုပြီး ဖမ်းထားတာ”လို့ ပြောပါတယ်။

ဟိုင်းကြီးကျွန်းဒေသကို တော်လှန်ရေးတပ် PDF အပါအဝင် လက်နက်ကိုင်အင်အားစုတွေ ဝင်ရောက်လာတယ်လို့ဆိုပြီး စက်တင်ဘာပထမအပတ်ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ဧည့်စာရင်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဟိုင်းကြီးကျွန်းမြို့မှာ ငါးခြောက်ထွက်ဝယ်တဲ့ ရခိုင်စစ်ဘေးရှောင်သားအဖ ၂ ယောက်ကို ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ငါးကျီးအင်းရွာမှာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက အလုပ်ကနေ ပြန်လာတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အခုအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

ဖမ်းခံရသူဟာ ကိုကုလားလေးဆိုသူဖြစ်ပြီး ငှက်သိုက်ရွာကနေ စပါးရိတ်ခြွေစက် မောင်းပြီးအပြန် ငါးကျီးအင်းရွာ တံတားထိပ်မှာ ‌ဖမ်းဆီးခံရတာလို့ သူနဲ့နီးစပ်သူက ပြောပါတယ်။

“အရပ်ဝတ်တွေနဲ့ စောင့်ဖမ်းတာ။ ကုလားလေးနဲ့အတူတူ နောက်တယောက်လည်း ပါတယ်။ အဲဒီ တယောက်ကိုကျ အသက်ကြီးလို့ ပြန်လွှတ်လိုက်တယ်။ အသက်ကြီးလို့ အဘက ပြန်တော့။ အနောက်ကို ပြန်လှည့်မကြည့်နဲ့လို့လည်း မှာလိုက်သေးတယ်”

ဖမ်းခံရသူ ကိုကုလားလေးမှာ ဇနီးနဲ့ ကလေးငယ်တယောက် ကျန်ခဲ့ပြီး အခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရတဲ့အပြင် ငှက်သိုက်ရွာမှာ နောက်ထပ် ဖမ်းခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“မနေ့က ငှက်သိုက်ရွာမှာ ဦးပဉ္စင်းနဲ့ ဦးပဉ္စင်း မယ်တော်ကိုလည်း ဖမ်းသွားတယ် ပြောတယ်။ ဘာလို့ ဖမ်းတာလဲတော့ မသိဘူး။ မနေ့က ဥပုသ်နေ့မှာ သီလတောင် မပေးလိုက်ရဘူး”

စင်တင်ဘာလ ၂၃ ရက် ညပိုင်းကလည်း လက်ပံတန်းမြို့နယ်၊ ရေငံရွာက စစ်ရှောင်နေသူ ကိုအောင်မောင်းဟာ ရွာထဲ ရိက္ခာလာယူရင်း စစ််ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာကြောင့်  သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013