မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖုံကျေးရွာကို စက်တင်ဘာ ၂၅ ရက် မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာခံပြည်သူ ၃ ယောက်ကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေဆီက သိရပါတယ်။
ဖုံရွာသားတယောက်က “ကျနော်တို့ရွာလေးက အေးအေးချမ်းချမ်းရှိနေတာ။ သူတို့စစ်သားတွေ လာတော့မှ ရွာပျက်ပြီး ရွာသားတွေ ထွက်ပြေးကြရတာ။ မနက်အစောကြီး နေမထွက်သေးဘူး ကား ၃ စီးနဲ့ စစ်သားတွေအများကြီး ရွာထဲဝင်လာကြပြီး ရွာလမ်းပေါ်ရောက်နေတဲ့ တောထဲသွားမယ့် ၃ ယောက်ကို ပစ်သတ်သွားတယ်။ သေနတ်သံတွေကြားတော့ ကျနော်တို့ ထွက်ပြေးလာကြတာ။ ရွာမှာ အသက်ကြီးတဲ့ လူကြီးတွေနဲ့ မိန်းမသားတချို့ပဲ ကျန်တယ်။ ရွာကအိမ်တွေကိုလည်း မီးရှို့သွားလို့ အိမ်တွေပျက်စီးကုန်ပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖုံကျေးရွာသားတွေဖြစ်ကြတဲ့ ကိုကျော်စွာ၊ ကိုရဲဝင်းနဲ့ ကိုမျိုးဇင် တို့ကို ပစ်သတ်သွားကြပြီး ရွာကိုမီးရှို့ခဲ့တဲ့အတွက် လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကနဦးသိရပါတယ်။
မြင်းခြံမြို့နယ် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ဖုံရွာကို ခမရ ၁၅ က စစ်သားတွေ ၅၀ ကျော်လောက်က စစ်ကြောင်းထိုးတာ။ သူတို့ စစ်ကြောင်းထိုးတဲ့ ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ အခုတလော မြင်းခြံနယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးတာတွေ၊ ဗုံးကြဲတာတွေ အရမ်းလုပ်လာလို့ သေဆုံး ဒဏ်ရာရတာတွေနဲ့ နေအိမ်မီးရှို့ခံရတာတွေ အများကြီးရှိနေတယ်။ ပြည်သူတွေအနေနဲ့ သတိရှိကြပါ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းကလည်း မြင်းခြံမြို့နယ်က ခြေဆေးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးချခဲ့တဲ့အတွက် ရွာခံအမျိုးသမီးတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့မှာ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)” အဖြစ် သြဂုတ် ၁၀ ရက်က စတင်ခဲ့ကာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။