ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ရာမှာ စက်တင်ဘာ ၂၃ ရက်က အွန်လိုင်းလောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့စစ်တွေ လုံခြုံရေးယူပေးထားတဲ့ မင်္ဂလာမူဆယ်အိမ်ရာက ကျားဖြန့်အဖွဲ့ကို ဖမ်းဆီးခဲ့တဲ့နေ့ က အပြန်အလှစ် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေက အင်အားအများအပြားနဲ့ ပိတ်ဆို့ ဖမ်းဆီး ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီနေ့က ကျားဖြန့်အဖွဲ့ကို ဝင်ဖမ်းတော့ တပ်က ပြည်သူ့စစ်တွေနဲ့ ညှိသေးတယ်။ ဘယ်လိုမှ မရတော့ အပြန်အလှန်ပစ်ကြတာ၊ နှစ်ဖက်စလုံး သေတဲ့သူတွေရှိတယ်၊ တပ်က အင်အားများတော့ အကုန်မိသွားတာ၊ ဖမ်းတဲ့အခါ အောက်ကနေ ပစ်လို့မရအောင် မြေသယ်တဲ့ကားတွေနဲ့ ခေါ်သွားတာ။”
မင်္ဂလာမူဆယ်အိမ်ရာဖြစ်စဥ်မှာ စစ်တပ်နဲ့ ခရိုင်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား အမျိုးသား ၈၀၊ အမျိုးသမီး ၃ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၁၄၇ ယောက်နဲ့ အမျိုးသမီး ၂၈၃ ယောက်၊ စုစုပေါင်း ၅၁၃ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“တပ်ဘက်က တယောက်သေတယ်၊ တယောက်ဒဏ်ရာရတယ်၊ ပြည်သူ့စစ်တွေဘက်က သေတာ ရှိတယ်၊ ဘယ်လောက်သေလဲမသိဘူး၊ ဟိုမွမ်ရပ်ကွက်ထဲက ပြည်သူ့စစ်အိမ်ကနေ သေနတ် ၅ လက်နဲ့ ကျည်တွေရတယ်။”
လတ်တလောမှာ မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ် အစိုးရလက်ထဲကို ပြန်လည်အပ်နှံဖို့ စီစဥ်နေပြီး စစ်တပ်ဘက်က ပြည်သူ့စစ်အဖွဲ့ကို ထုတ်ပေးထားတဲ့ လက်နက်တွေ ပြန်သိမ်းဖို့ စီစဥ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။