ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမှာ စက်တင်ဘာ ၂၄ ရက် ဒီမနက်အစောပိုင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး ၄ လုံး ထပ်မံ ဗုံးကြဲလို့ အနည်းဆုံး ပြည်သူ ၉ ယောက် ထိခိုက် ဒဏ်ရာပြီး ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ခံအမျိုးသားတယောက်က "လာကြဲသွားပြီ။ ပထမ ၂ လုံး လာကြဲသွားတာ ရပ်ကွက် ၂ က ရထိုက် ဟိုတယ်မှာ တလုံးကျတယ်။ ဖူလီလိုက်ဟိုတယ်မှာ တလုံးကျတယ်။ ရထိုက်နဲ့ ဖူလီလိုက်က ဘယ်လောက်မှ မဝေးဘူး" လို့ ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက် မနက် ၁ နာရီခွဲ ဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး လာကြဲသွားတာဖြစ်ပြီး ပြည်သူ ၉ ယောက် ထိခိုက် ဒဏ်ရာရကာ အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က "နောက်ထပ် ဒုတိယအကြိမ် ဗုံး ၂ လုံး လာကြဲသွားပြီ။ ဘယ်နေရာ ဆိုတာ တည်နေရာ မသိရသေးဘူး" လို့ ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက် မနက် ၄ နာရီ ၂ မိနစ်နဲ့ ၄ မိနစ်ကြားမှာ ၂ လုံး ထပ်ကြဲသွားတာလို့ သူက ပြောပါတယ်။
ဒုတိယအကြိမ်ကြဲတာ ရပ်ကွက် ၂ ကြက်ကင်ဆိုင်လမ်းကြား၊ လပ်ကီးရွှေဆိုင်အိမ်မှာ ကျပြီး အဲဒီ အိမ်ရှေ့မှာ နေတဲ့အမျိုးသမီး တယောက် သေဆုံးပြီး ဒဏ်ရာရသူရှိကြောင်း ပရဟိတအသင်းတခု ဆီက သိရပါတယ်။
"ကျနော်တို့အိမ်နဲ့ တအိမ်ကျော်လေးမှာကျတော့ ကျနော်တို့အိမ်လည်း ထိတယ်"လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဩဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံ အများအပြား ထိခိုက်ခဲ့ပါတယ်။