စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ် ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို သင်္ဘောလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီ Y-12 လေယာဉ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို လက်နက်ရိက္ခာခဲယမ်းတွေ သွားရောက်ပို့ဆောင်တဲ့ စစ်ကောင်စီသင်္ဘောတွေ ဗန်းမော်မြို့ကနေ စက်တင်ဘာ ၂၂ ရက်က ပြန်လည်စုန်ဆင်းခဲ့တာဖြစ်ပြီး ရွှေဂူမြို့မှာ တညရပ်နားခဲ့ကာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ ကသာမြို့ထဲ ရောက်ရှိလာပြီးနောက် သင်္ဘောလုံခြုံရေးယူပေးတဲ့ လေယာဉ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကသာမြို့နယ်က ပ.က.ဖတာဝန်ခံတယောက်က ပြောပါတယ်။
“စကစဘက်က ခြေလျင်တက်တာတော့ မရှိဘူးဗျ။ သူတို့ ဗန်းမော်ကနေ မနေ့က စုန်ပြီးတော့ ဒီနေ့ ပြန်စုန်လာတဲ့အခါ မိုးတားနားမှာ ၁၁ နာရီလောက် ဖြတ်တယ်။ ဖြတ်တဲ့အချိန်မှာ Y-12 လေယာဉ်နဲ့ ဝဲတယ်၊ ဗုံးတွေကြဲတယ်၊ ပြီးတော့ သင်္ဘောပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပစ်တဲ့အခါမှာတော့ တောင်ပေါ်ကျောင်း ဘုန်းကြီးကျောင်း လုံးဝ မီးလောင်ပြာကျသွားတယ်။ တောင်ပေါ်ကျောင်းအနောက်က အိမ်တလုံး မီးလောင်သွားတယ်။ ဂျပန်ကျွန်းထဲမှာလည်း နေအိမ် ၂ လုံး မီးလောင်တယ်။ အခုဟာက အချိန်တိုနေတော့ နေအိမ်ဘယ်နှစ်လုံး ပျက်စီးတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။”
လက်ရှိ ကသာမြိုနယ်ထဲက မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကလည်း မန္တလေးမြို့ကနေ စစ်ကောင်စီသင်္ဘော ဆန်တက်လာစဉ်ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေတာကြောင့် နေအိမ်ထိခိုက်မှု အခြေအနေတွေ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီသင်္ဘော ကသာမြို့နယ်ကို ဝင်လာတဲ့အချိန် ကသာမြို့ပေါ်က အမှတ် ၃၀၉ စစ်တပ်စခန်းနဲ့ မြစ်ကမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပန်းခြံကနေ သင်္ဘောလာရာ လမ်းကြောင်းဘက်ကို လက်နက်ကြီး ပစ်ကူပေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောတွေဟာ စစ်သင်္ဘော အပါအဝင် ၃ စီးဖြစ်တယ်လို့ ကသာဒေသခံတယောက်က ပြောပါတယ်။
“မနေ့ညက ရွှေဂူမှာ တညအိပ်ပြီးတော့ ဒီနေ့မနက်ပိုင်း ဆင်းလာတယ်။ ကသာကိုတော့ မနက်ပိုင်း ၉ နာရီလောက် ဝင်လာတာ၊ ရှေ့မှာက စစ်သင်္ဘောတစီး၊ အလယ်မှာက ဖလပ်သင်္ဘောနဲ့ တွဲထားတဲ့ ထိခိုက်ထားတဲ့ သင်္ဘောပါတယ်၊ နောက်မှာလည်း စစ်သင်္ဘော တစီးပါတယ်။”
စစ်ကောင်စီ Y-12 လေယာဉ်ကလည်း မြစ်ကြောင်းတလျှောက် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပျံဝဲပြီး ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီသင်္ဘောတွေက သုံးဘောကျေးရွာအနီးမှာ ညနေ ၄ နာရီဝန်းကျင်မှာ ဆိုက်ကပ်ထားပြီးတော့ ညအိပ်ရပ်နားမယ်လို့ သိရပါတယ်။
ဗန်းမော်ကနေ ရွှေဂူမြို့ကို ဆင်းလာတဲ့အချိန် မနေ့က စစ်ကောင်စီသင်္ဘောတွေကို ဒုတိယမြစ်ကျဉ်းနာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ KPDF တပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။