ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာမှာ စက်တင်ဘာ ၇ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ဆိုင်းတောင်နဲ့ ဖားကန့်မြို့ခံ အားလုံးနီးပါး စစ်ရှောင်နေရကြောင်းနဲ့ ဆိုင်းတောင်တိုက်ပွဲ ၁၇ ရက်တာအတွင်း စစ်ရှောင်သောင်းနဲ့ချီလာတဲ့အကြောင်း ဒေသခံတွေနဲ့ KIA တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အား ၅၀ လောက်ဟာ ဆိုင်းတောင်ထဲက Lucky Men Hotel နဲ့ အနီးတဝိုက် ၁၇ ရက်ကြာတဲ့အထိ တပ်စွဲထားပြီး နေရာအနှံ့ကို ဖားကန့်ဗျူဟာကုန်းအပြင် လေကြောင်းကနေပါ နေ့တိုင်းပစ်ခတ်နေတာပါ။
ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက Hotel ထဲက စစ်ကောင်စီတပ်တွေကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထားပြီး ဗျူဟာကုန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာရှိကြောင်း သိရပါတယ်။
KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဗျူဟာကုန်းဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပြီးမှ အယောင်ပြတဲ့သဘောမျိုးနဲ့ စစ်ကြောင်းတွေ တိုက်ပွဲဖော်ဆောင်တဲ့ဟာတွေလည်း ရှိတယ်။ KIA နဲ့ တပ်ပေါင်းစုတွေလည်း နေရာတော်တော်များများမှာ သူတို့ရဲ့စစ်အင်အားတွေ ဖြန့်ထားပြီးမှ စောင့်ကြည့်နေတယ်။ ဒါကြောင့် နည်းနည်းလှုပ်ရှားတာနဲ့ တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် ပြည်သူလူထုတွေကတော့ တမြို့လုံးပေါ့နော်၊ ဖားကန့်တမြို့လုံးကို စစ်ရှောင်ကြတာ။ တကယ့်တိုက်ပွဲကတော့ အဲဒီဆိုင်းတောင်မှာကတော့ အဓိကဖြစ်ပါတယ်။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့ခံတွေကတော့ စက်တင်ဘာ ၂၀ ရက်ဝန်းကျင်မှာ ဖားကန့်မြို့ဘက်မှာပါ စစ်ရေးလှုပ်ရှားလာတဲ့ သတင်းတွေကြောင့် စိုးရိမ်ပြီး ကြိုတင်စစ်ရှောင်နေတာ ဖြစ်ပါတယ်။
စစ်ရှောင်အများစုဟာ တခြားမြို့တွေနဲ့ လုံးခင်းဘက်ကို ထွက်ခွာကြပြီး မှော်ရှန်နဲ့ တချို့ရွာတွေမှာ ခိုလှုံကြသူတွေလည်းရှိကြောင်း မြို့ခံက ပြောပါတယ်။
ဖားကန့်မြို့ခံတယောက်က “စစ်ရေးလှုပ်ရှားမှုတွေ ရှိမယ်ဆိုပြီးတော့မှ ရှောင်ကြတာပါဗျ။ ဟိုလိုမျိုး ဟိုလိုကြီး ဇွတ်ကြီးဖယ်ခိုင်းတာတို့ ဘာတို့တော့ အဲလိုမရှိပါဘူးဗျ။ ဖားကန့်မြို့ပေါ်ကတော့ အကုန်ရှောင်ရတာဗျ။ သိပ်မရှိတော့ဘူး၊ အိမ်စောင့်တချို့ အိမ်စိတ်မချတဲ့သူလောက်ပဲ ရှိတော့တာ။ နေ့စဉ် ဒီ ကားတို့ ဆိုင်ကယ်တို့နဲ့ ဆင်းတဲ့သူကတော့ ၃,၀၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ဘုရားကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ ကျန်တဲ့ လုံးခင်းအုပ်စုထဲက ရွာတွေထဲမှာနေတာတွေ အားလုံးရှောင်ခဲ့တာ ဆိုရင်တော့ အားလုံး ၁၅,၀၀၀ လောက် စစ်ရှောင်ကြတယ်” လို့ ပြောပါတယ်။
လက်ရှိ ဖားကန့်မြို့ထဲမှာ အိမ်စောင့်တွေအပြင် သွားစရာမရှိတဲ့ ဆိုင်းတောင်က စစ်ရှောင်တချို့လည်း ကျန်နေသေးကြောင်း ပြောကြပေမဲ့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် တိုက်ပွဲကာလ ကြာလာတာနဲ့အတူ စစ်ရှောင်တွေ ထပ်တိုးလာနေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို ပစ္စည်းတချို့ ပြတ်လပ်စပြုလာတာကြောင့် အချိန်ကြာရင် ရိက္ခာပြတ်တောက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဆိုင်းတောင်တိုက်ပွဲကတော့ ဆက်ဖြစ်နေပြီး တပ်ပေါင်းစုတွေဘက်က စခန်းတချို့ကို သိမ်းထားနိုင်ပေမဲ့ စစ်တပ်က စက်တင်ဘာ ၂၂ ရက်မှာ ယူမာဘက်ကို ဗုံးကြဲခဲ့သလို ညပိုင်းမှာလည်း မရှီကထောင်ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်သံတချို့ ကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။
စိုးသူအောင်