Home
မြန်မာသတင်း
ဖားကန့်၊ နောင်ချို၊ လားရှိုး၊ ဖယ်ခုံနှင့် မြိုင်မြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
September 23, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာကို စက်တင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီက  ဂျက်တိုက်လေယာဉ်နဲ့  ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၁၂ နာရီ ၅၈ မိနစ်ခန့်လောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဆိုင်းတောင်ကျေးရွာနဲ့ ဆိုင်းတောင်နဲ့ တဆက်တည်းရှိတဲ့ ကျောက်သွေးတောင်ရွာကို ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ယူမာကျေးရွာအနီးက ဒေသအခေါ် အဲဗားကုန်းပေါ်ကိုလည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အခုကြဲချခဲ့တဲ့ဗုံးတွေဟာ အရင်ကြဲချတဲ့ဗုံးတွေထက် အသံပိုကျယ်ပြီး တုန်ခါအားကလည်း အဆမတန် ပြင်းတာကြောင့် ပေါင် ၅၀၀ ဗုံးတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်ဒေသခံတယောက်က “ပေါင် ၅၀၀ ဗုံး ဖြစ်နိုင်တယ်။ အရင်ကထက် အသံလည်းပိုကျယ်တယ်။ အိမ်တွေလည်း တုန်ခါသွားတာ တအားပဲ။ ယူမာဘက်ကိုရော ဆိုင်းတောင်ကိုပါ ကြဲသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဝေဟင်ကနေ လေယာဉ်နဲ့ ဗုံးတွေကြဲချသလို ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ ညစဉ် ရမ်းသန်းပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

ကချင်လွတ်မြောက်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က စစ်ကောင်စီရဲ့ တပ်မအထိုင်စခန်း ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖားကန့်တမြို့လုံးကို KIA ပူးပေါင်းတပ်ဖွဲ့တွေက နေရာယူထားတယ်လို့ သိရပါတယ်။

အဲဒီလို ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဖားကန့်မြို့ပေါ်ရှိ ပြည်သူတွေ စစ်ဘေးရှောင်နေကြပြီး မမုံကျေးရွာ၊ ဖားပြင်ကျေးရွာက ပြည်သူတွေလည်း စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆိုင်းတောင်ရပ်ကွက် ၄ ရှိ Lucky Men ဟိုတယ်နဲ့ ကျောက်သွေးတောင်ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေသလို ယူမာကျေးရွာ အဲဗားကုန်းဘက်တွေမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ ကချင်လွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ စက်တင်ဘာ ၆ ရက်ကတည်းက စစ်ရေးတင်းမာကာ တချို့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက် ၂ ခု ပြာကျဆုံးရှုံးခဲ့ကာ အပြစ်မဲ့ပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

တိုက်ပွဲပြင်နေတာ နှစ်ပတ်ကျော်ရှိနေပြီဖြစ်ပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေဘက်က KPDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့ပြီး စစ်ဘေးဒုက္ခသည် ၅,၀၀၀ နီးပါးရှိနေကာ စစ်ရှောင်စခန်း ၂ ခုမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ စစ်ရှောင်တွေကို ကူညီနေရတယ်လို့ KPDF သတင်းရင်းမြစ်ဆီက သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA နဲ့ ပူးပါင်းတပ်ဖွဲ့ တိုက်ခိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီလောက်က  လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ်တွေ ထိခိုက်ခဲ့ကြောင်း ဒေသခံတွဆီက သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဂျက်ဖိုက်တာနဲ့ နောင်ချိုမြို့‌ပေါ် ဗုံး ၄ လုံး ကြဲသွားတယ်” လို့ ပြောပါတယ်။

နောင်ချိုမြို့အနီးက ကံကြီးရွာဘက်လည်း လေကြောင်းဗုံးတလုံးကျပြီး ပြည်သူ ၃ ယောက် ထိထားတယ်လို့ ကြား‌ပေမဲ့ အသေးစိတ်တာ့ မသိရသေးပါဘူး။

ဒေသခံ အမျိုးသားတယောက်က  “နောင်ချို သဖန်းကိုင်းဘက် စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ကြဲသွားတဲ့ ဗုံး ၂ လုံးက ပန့်ဆီဆိုင်ထဲကိုလည်း တလုံးကျပါတယ်။ ဆိုင်ရှေ့လည်း ကျင်းပေါက်အကြီးကြီး။ ပန့်ဆီဆိုင်ရှေ့ ဝပ်ရှော့ထဲကို တလုံးကျပါတယ်” လို့ ပြောပါတယ်။

ပစ္စည်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဝပ်ရှော့ဘေးက အိမ်တော့ ကြေမွသွားကာ လူတယောက်ကတော့ ညာဘက်လက်ထဲ ဗုံးစဝင်သွားပြီး ၅ ချက်ချုပ်ရကာ ကလေးငယ် တယောက်လည်း အနည်းငယ်ထိခိုက်သွားတဲ့အပြင် ခွေးလည်းထိတယ်လို့ သူက ပြောပါတယ်။

မြို့ပေါ်ကျတဲ့ ဗုံးတွေကြာင့် ထိခိုက်ပျက်စီးမှုတွေ မသိရသေးဘူးလို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ စက်ဝင်ဘာ ၂၂ ရက် မနက် ၁ နာရီ ၅ မိနစ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ သဖန်းကုန်းရပ်ကွက် အတွင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တောအတွင်း တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သဖန်းကုန်းရပ်ကွက်ရှိ ဒေသခံပြည်သူ ၃ ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ အိမ်၊ ကား ၂ စီးနဲ့ ဆိုင်ကယ်တစီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၁ ရက် မနက် ၇ နာရီခွဲခန့်ကလည်း နောင်ချိုမြို့မှာ ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ချို ညဈေတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ ၄ တွေမှာ ကျရောက်‌ေပါက်ကွဲခဲ့လို့ ပြည်သူတယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်က နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီး ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံနေအိမ် ၂၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်းတကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်‌ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံး အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီကျော်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ‌၄ ကြိမ်‌မြောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “လားရှိုးမှာ လေယာဥ်ဗုံး ၂ လုံး လာကြဲသွားတယ်။ စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီကျော်က။ Lashio Motel နား လမ်းမပေါ်တလုံး၊ ရပ်ကွက် ၁၂ အထက ၃ ရှေ့ အိမ်တွင်းမှုကျောင်းဘေး တလုံးကျတယ်” လို့ ပြောပါတယ်။

လေယာဉ်ဗုံးကြောင့် ရပ်ကွက် ၁၂ ရှိ အထက ၃ ကျောင်းအနီးက ပြည်သူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားကာ ပြည်သူတွေတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “အဆောက်အဦပဲ ထိတာ။ လူတွေ ဘာတွေတော့ အထိအခိုက် မရှိပါဘူး။ စည်ပင်ရုံးနဲ့လည်း နီးတယ်။ လျှပ်စစ်ရုံးနဲ့လည်း သိပ်မဝေးဘူး။ လားရှိုးမြို့ကို လေယာဉ်ဗုံးကြဲတာ ၄ ကြိမ် ရှိပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာတာကြောင့် ဒေသခံတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြရတယ်လို့ သူက ပြောပါတယ်။

လားရှိုးမြို့ကို စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်မှာ တကြိမ်၊ ၁၀ နာရီ ၁၇ မိနစ်မှာ တကြိမ် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့် MNDAA ဘက်ကလည်း သတင်းထုတ်ထားပါတယ်။

စစ်ကောင်စီ ကြဲချခဲ့တဲ့ လေယာဉ်ဗုံး ၂ လုံးထဲက တလုံးက လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း မျက်နှာချင်းဆိုင်ဘက်ရှိ လူနေအဆောက်အဦ တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တလုံးက စည်ပင်ရုံးရှေ့ လမ်းမပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရပ်ကွက် ၁ စည်ပင်ရုံးရှေ့ လမ်းမပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့ လေယာဉ်ဗုံးကြောင့် လမ်းမအနီးက အဆောက်အဦတလုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတယောက် ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကာ ရပ်ကွက် ၁၂ အထက ၃ ကျောင်းအနီးမှာ ကျတဲ့ဗုံးကြောင့် အဲဒီကျောင်းအနီးက အဆောက်အဦ ၂ လုံး ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ပြီး လူအထိအခိုက် မရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈ ရက်၊ စက်တင်ဘာ ၉ ရက်နဲ့ စက်တင်ဘာ ၁၀ ရက် တွေမှာလည်း လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် အဆောက်အဦ အများအပြား ထိခိုက်ပျက်စီးခဲ့သလို ပြည်သူတွေလည်း အများအပြား ထိခိုက်ခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ လတိန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ တိုက်လေယာဥ်က စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲဝန်းကျင်လောက်မှာ ၁၂၀ မမ ဗုံးအရွယ် ဗုံးသီး ၉ လုံးကို တပြိုင်တည်း ကြဲချခဲ့တာကြောင့် ပြည်သူ ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရရှိခဲ့သလို နေအိမ် ၆ လုံးခန့်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီသေဆုံးသွားသူတွေထဲမှာ အသက် ၃၂ အရွယ် စစ်ဘေးရှောင် အမျိုးသမီးတယောက် အပါအဝင် ကလေးငယ် ၂ ယောက် ပါဝင်ခဲ့တာပါ။

သေဆုံးသွားတဲ့ ကလေးငယ် ၂ ယောက်ဟာ ဘုန်းကြီးကျောင်းရှေ့မှာ ကစားနေစဥ် ဗုံးသီး ထိမှန် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးသွားတဲ့ စစ်ရှောင်အမျိုးသမီးကတော့ တောင်ယာ နေ့စားအလုပ်လုပ်ဖို့အတွက် နေအိမ်တလုံးမှာ ဝိုင်းထိုင်စကားပြောနေစဥ် ထိမှန် သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ကြဲချခဲ့တဲ့ ဗုံးသီးတွေထဲမှာ ၇ လုံးသာ ကွဲပြီး ၂ လုံးကတော့ မကွဲဘဲ ကျန်နေခဲ့တဲ့အတွက် သက်ဆိုင်ရာက လာရောက်ယူဆောင်သွားပြီလို့ သိရပါတယ်။

လတိန်ကျေးရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး စစ်ဘေးရှောင်တွေ အပါအဝင် လူဦးရေ ၅,၀၀၀ ခန့် နေထိုင်နေကြတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကလည်း ဖယ်ခုံံမြို့နယ်က ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စစ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၉ ယောက် သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကံကြီးတောကျေးရွာကို စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်၊ ဘုရားစေတီနဲ့ စာသင်ကျောင်းဆောင်တွေ အပါအဝင် ထိခိုက်ပျက်စီးမှု များပြားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ အရင်လာပြီး ရော့ကတ်တွေနဲ့ပစ်တယ်။ နောက်ပြီးမှ ရဟတ်ယာဥ် ရောက်လာပြီး စက်သေနတ်နဲ့ ၂၀ ကျော် ၃၀ နီးနီး ပစ်သွားတယ်။ အဲဒီရွာမှာ PDF ရဲဘော် တယောက်မှမရှိဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြိုင်မြို့ရဲ့ မြောက်ဘက် ၂ မိုင်နီးပါး ကွာဝေးတဲ့ ကန်ကြီးတောကျေးရွာက မူလတန်း (အလက-ခွဲ) ကျောင်းရဲ့ စာသင်ကျောင်းဆောင်၊ ဘုန်းကြီးကျောင်းဆောင်၊ ဘုရားစေတီနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကန်ကြီးတောကျေးရွာခံတယောက်က “စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို အဓိကထား ပစ်သွားတာ။ ဘုန်းကြီးကျောင်းကို မှန်တယ်။ ဘုန်းကြီးကျောင်းဝိုင်းထဲက ကြေးစေတီတွေကို မှန်တယ်။ စာသင်ကျောင်းဆောင်ကတော့ အမိုးအကာ၊ မျက်နှာကျက်တွေ အားလုံးပျက်စီးသွားတယ်။ စာသင်ကျောင်းတောင်ဘက်က အိမ်တွေလည်း အမိုးအကာတွေ ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး။ ကျောင်းက သူတို့ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ပိတ်ထားတာ ကြာပြီ။ နွား ၄၊ ၅ ကောင်လည်း ဗုံးစတွေထိတယ်။ မသေတော့ မသေသေးပါဘူး” လို့ ပြောပါတယ်။

ကံကြီးတောကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းကလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလို့ လူနေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေ လုယူသွားတာ ခံခဲ့ရသေးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် လူဦးရေ ၅၀၀ ဝန်းကျင်နေထိုင်တဲ့ ကန်ကြီးတောကျေးရွာက ရွာခံတချို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းနဲ့ ပုသိမ်-မုံရွာလမ်းဆုံက ဂိတ်စခန်းတခုတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024