မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက်စောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့ကြပြီး နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။
ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရေစကြိုနယ်ရဲ့ မြောက်ဘက်ပိုင်းက ရွာ ၂ ရွာကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲသွားတယ်။ ရွာခံ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြတယ်။ လူနေအိမ်တချို့လည်း ပျက်စီးကုန်တယ်လို့ ကနဦး သိရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုပေးနိုင်ဖို့ ကျနော်တို့ဆေးတပ်ဖွဲ့တော့ အဲဒီနေရာတွေကို သွားနေကြပါပြီ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ရေစကြိုမြို့နယ်မြောက်ပိုင်းက မအူအောက်ဆိပ်ကျေးရွာနဲ့ မအူအလယ်ကျေးရွာကို ဗုံး ၂ ကြိမ် ကြဲချသွားခဲ့တာဖြစ်ပြီး အဲဒီကျေးရွာတွေအပြင် အနီးဝန်းကျင်နေရာတွေမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘူးလို့ ဆိုပါတယ်။
ဒီမနက်ပိုင်း ၈ နာရီခွဲဝန်းကျင်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ အလယ်ကျော ကျေးရွာအုပ်စုက ငါးပယ်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲရဲ့ တာဝန်ရှိသူတယောက်က "ဆင်မရဲရွာကနေ ကူးလာတဲ့ စစ်တပ်စစ်ကြောင်းက ငါးပယ်ရွာကိုဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေဝင်လုတယ်။ ပြီးတော့ ရွာကို မီးရှို့သွားတယ်။ မီးလောင်တဲ့အိမ်က ၁၀ လုံးနီးပါးရှိတယ်။ ပြည်သူတွေကတော့ အဖမ်းဆီးခံရတာမရှိဘဲ ထွက်ပြေးသွားကြလို့ လွတ်ကြတယ်ဗျ။ စစ်ကြောင်းရှိနေသေးလို့ အတိအကျ သိရဖို့ကတော့ အခုမလွယ်သေးဘူး။ ရွာခံတွေလည်း ရွာထဲပြန်မဝင်ကြရသေးဘူး” လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကလည်း မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယူတာတွေအပြင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မကြာခဏ ပြုလုပ်နေပြီး ရေစကြိုမြို့ပေါ်မှာလည်း စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုတွေကြောင့် မြိုခံပြည်သူတချို့ သေဆုံးဒဏ်ရာရတာတွေရှိနေပါတယ်။