Home
မြန်မာသတင်း
ဖယ်ခုံ၊ ငါန်းဇွန်နှင့် မတ္တရာကို  စစ်တပ်က လက်နက်ကြီးအပါအဝင် လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်
DVB
·
September 22, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လတိန်ရွာမှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် ၈ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ပြည်သူ ၆ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတိန်ကျေးရွာအနီးတဝိုက်နဲ့ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စက်တင်ဘာ ၂၁ ရက်မှာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ  လေယာဥ်နဲ့ ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။

လတိန်ရွာခံ လူငယ်တယောက်က “တိုက်ပွဲ ဖြစ်ပွားမှုမရှိဘူး၊ ပြည်သူကို ပစ်မှတ်ထားပြီး လေယာဥ်နဲ့ကြဲတယ်၊ အိမ် ၃ လုံးလည်း ပျက်စီးသွားတယ်။ ဒဏ်ရာရသူ ၆ ယောက်တော့ ခု လုံခြုံတဲ့တနေရာမှာ ဆေးကုသနေတယ်။ ကျန်တဲ့ရွာသားလည်း လေယာဥ်အန္တရာယ် စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

အဆိုပါဒေသမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရပြီး Star Link အင်တာနက်တခုပဲ အသုံးပြုနေရတယ်လို့ ပြောပါတယ်။

“လိုင်းမရတော့ တခုခုဆို အင်တာနက်ရတဲ့နေရာ သွားရတယ်၊ အဆင်မပြေဘူး။ စကစ က သတင်းအမှောင်ချဖို့ လုပ်နေတာ” လို့ အဆိုပါလူငယ်က ဆက်ပြောပါတယ်။

တချိန်တည်းမှာ ဖယ်ခုံနဲ့ထိစပ်နေတဲ့ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာနဲ့ လွယ်ဝန်ကျေးရွာကိုလည်း စစ်တပ်က လေယာဥ်နဲ့ဗုံးလာကြဲပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ထိခိုက်မှုကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ည ၉ နာရီဝန်းကျင်မှာလည်း ဘန်ကောက်စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကျောင်းသူ/သား ဆရာ/ဆရာမ စုစုပေါင်း ၉ ဦး သေဆုံးသွားပြီး အပြင်းအထန်ဒဏ်ရာရသူလည်း များခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စက်တင်ဘာ ၂၀ ရက် နဲ့ ၂၁ ရက်တွေမှာ စစ်တပ်က ၂ ရက်ဆက် လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ လူ ဦး ရေ ၁၅ ယောက်အထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

CDSOM အဖွဲ့တာဝန်ရှိသူ ကိုနွေဦးက “၂၀ရက်နေ့ ညနေ ၅ နာရီနီးပါးအချိန် ပစ်ခတ်တုန်းက ဗုံးသီးအလုံးအရေအတွက်ရော၊ Rocket ရော၊ စက်လတ်ရော ပစ်ခတ်တာ အတော်များတယ်ဗျ။ အရပ်သားသေးဆုံးထိခိုက်တာလည်းများတယ်။ အဲဒီနေ့က ပြည်သူ ၁၀ ဦးနဲ့ PDF ၂ ဦး သေဆုံးခဲ့ရတယ်။ ပြည်သူ ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ။ ၂၁ ရက်နေ့ကတော့ နေ့ခင်းပိုင်းလာကြဲတယ်။ ကြဲတာက ရွာထဲတော့မဟုတ်ဘူး၊ ရွာဘေးတွေကို ကြဲတာ‌ဗျ။ ပြည်သူတွေက လေယာဥ်လာပြီဆိုတာနဲ့ အကုန်ရွာထဲကနေထွက်ပြေးကြတယ်။ ဒီနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ခင်း ရှင်းလင်းရေးလုပ်တော့ ရွာဘေး ခြုံပုတ်ထဲက ပြည်သူ ၃ ဦးအလောင်း ၃ လောင်းထပ်တွေ့တယ်ဗျ။ နောက်ထပ်လည်း သေဆုံးအရေအတွက် တိုးလာနိုင်သေးတယ်။ လေယာဉ်နဲ့ ထပ်ပစ်ဦးမယ်ဆိုတဲ့သတင်း ထပ်ရထားလို့ ကယ်ဆယ်ရေးတွေ ရပ်နားထားရတယ်” လို့ DVB ကို ပြောပါတယ်။

အခုလို စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်နေတာကြောင့် ငါန်းမြာကြီးရွာအပါဝင် အနီးအနား ကျေးရွာ ၄ ရွာက ပြည်သူတွေလည်း နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

ကူညီကယ်ဆယ်ရေးသမားတယောက်က “စကျင်ရွာ၊  နတ်ကြီးကျွန်းရွာ၊ ကျည်ကုန်းရွာက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေး‌နေကြရတယ်။ ကူညီမှုတွေလည်း လိုအပ်နေတယ်ဗျ။ ငါန်းမြာကြီးရွာလည်း စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှု့ကြောင့် ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးရွာအတွင်းက ဘုရားစေတီနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်မှာ ငါန်းမြာကြီး နယ်မြေခံရဲစခန်း ဆုံးရှုံးလိုက်ရပြီး စခန်းပြန်ရဖို့ ကြိုးစားနေသလို ဆီမီးခုံရွာမှာ စစ်သားအင်အားစုစည်းနေပြီး စစ်ကြောင်းထိုးဖို့ စီစဉ်နေတာကြောင့် ညောင်ပင်သာ၊ ငါန်းနန်း၊ မြစ်သာ၊ ပေါက်တောချောင်  စတဲ့ရွာတွေက ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု့တွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက် မနက် ၆ နာရီလောက်ကလည်း မန္တလေးမြို့နား မတရာမြို့နယ်က သုံးဆယ်ပေးကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဘဲ ဒေသခံတချို့ မ‌န္တလေးမြို့ပေါ်ကို ပြောင်းလာနေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပုသိမ်ကြီးဘက်က လူတွေကတော့ မနေရဲတော့တာရှိတာပေါ့။ ပုသိမ်ကြီးဆိုတာ မန္တလေးမြို့ကို ပတ်ထားတာဗျာ။ အဲ့ဘက်ကသူတွေ ကြောက်ပြီးတော့ ဒီဘက်ကို ပြောင်းလာနေတာတွေတော့ ရှိလာပြီ အနည်းငယ်ပေါ့ဗျာ၊ သိသိသာသာကြီး အုံလိုက်ကျင်းလိုက် မဟုတ်ဘဲနဲ့ အနည်းငယ်ပြောင်းလာနေကြပြီ။” 

မန္တလေးမြို့နားထိ နီးကပ်လာပြီဖြစ်တဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကို စစ်ကြောင်းထိုးဖို့အတွက် လက်နက်ကြီးနဲ့ ပစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013