Home
မြန်မာသတင်း
ရွှေဘိုနှင့် မင်းတပ်တွင် စစ်တပ် လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေ၊ အိမ် ၄ လုံးပျက်စီး
DVB
·
September 22, 2024
Photo - မင်းတပ် PDF တပ်ဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့  ပြည်သူ ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့‌မှာလည်း စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၄ လုံး ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဆိပ်ခွန်ရွာ နယ်မြေခံရဲစခန်းအတွင်းကနေ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်

ဒေသခံတယောက်က “ရဲစခန်းထဲကနေ ပစ်တာ ဘာတိုက်ပွဲမှမရှိဘူး။ ပစ်တဲ့နေရာက ရဲစခန်းရဲ့ အရှေ့ဘက်တည့်တည့်ကို ၁ လုံး၊ အရှေ့မြောက်ကို ၁ လုံး၊ နောက်ထပ် ၁ လုံး ထပ်ပစ်သေးတယ်။ ဘယ်ဘက်ကို ပစ်တယ် ကျတယ်တော့ မသိရဘူး။ စုစုပေါင်း ၃ လုံးပစ်ခဲ့တာ။ စခန်းရဲ့ အရှေ့တည့်တည်ပစ်တဲ့အလုံးက ရဲစခန်းနဲ့ မီတာ ၆၀၀ အကွာ ရွာထဲကျပေါက်ကွဲတာ။ မိသားစု ၃ ဦး ကျည်စထိမှန်တယ်။ ၃ ဦးထဲက အသက် ၂ဝ အရွယ် အမျိုးသမီးငယ်တဦး သေဆုံးတယ်။ ယောက်ျားလေးတဦး ခြေထောက်ထိမှန်တယ်။ အမျိုးသမီးတဦး ဒဏ်ရာစိုးရိမ်ရကျန်ခဲ့တယ်ဗျ။ အရှေ့မြောက်ကိုပစ်တဲ့ ဗုံးသီးကတော့ ပြည်သူတဦး ကျည်စထိမှန်တယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

ဆိပ်ခွန်ရွာဟာ အိမ်ခြေ ၆,၀၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး နယ်မြေခံရဲကင်းရှိသလို စစ်တပ်လည်း အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတယောက်က ကိုရှမ်းကြီးက “ဖြစ်ပုံက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က  ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာကို ကောင်တာ(Counter) ပြန်တာပေါ့။ ကောင်တာပြန်တာကလည်း ၆၀ မမ ၆ လက်မ‌ပြောင်းတိုနဲ့ ပြန်တော့ ရွာထဲကျပေါက်ကွဲပြီး ပြည်သူထိတာလေ။ ဒီကောင်တွေ ကြောက်လန့်ပြီး ရမ်းသန်းပစ်တော့ ပြည်သူတွေ ထိခိုက်ဆုံးရှုံးရတာပေါ့” လို့ ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို ၂၀၂၃ ခုနှစ် မတ် ၁၈ ရက် နေ့လယ်ပိုင်းကလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့‌မှာလည်း စက်တင်ဘာ ၂၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ လူနေအိမ် ၄ လုံး ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

မင်းတပ် PDF တပ်ဖွဲ့ဝင်တယောက်က “မင်းတပ်မှာရှိတဲ့ ခလရ ၂၇၄ တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က စံပြရပ်ကွက်ထဲမှာရှိတဲ့ စိုက်ပျိုးရေးရုံးနဲ့ စက်မှုလက်မှုကျောင်းနားကို ကျလို့ အဲဒီနားက အိမ် ၄ လုံး ထိခိုက်ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ​နဲ့ မီးရှို့ ဖျက်ဆီးတာတွေကြောင့် မင်းတပ်မြို့နယ်ထဲမှာ စက်တင်ဘာလအတွင်း လူနေအိမ် ၁၅ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်မြို့ပေါ်နဲ့ အနီးအနားကကျေးရွာကို ညတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့ခံတယောက်ကလည်း “အိမ် ၄ လုံးလောက် မီးလောင်သွားတယ်။ အဲဒီအိမ်တွေက လူတွေက ထွက်ပြေးနေကြတော့ လူမရှိဘူး။ ပြည်သူအထိအခိုက်ရှိတယ်တော့ မကြားမိဘူး။ ခလရ ၂၇၄ ထဲက စစ်သားတွေက ညတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်တာတွေ ခပ်စိပ်စိပ် လုပ်လာနေတယ်။ ဘယ်ရယ်လို့ မဟုတ်ဘူး။ ထင်ရင်မြင်ရာကို ရမ်းပစ်နေတာ” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်လို့ စစ်ကောင်စီ တပ်ဘက်က အထိနာပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေသလို စစ်ကောင်စီတပ်ကလည်း မင်းတပ်မြို့နယ်ထဲကို လက်နက်ကြီးတွေ အပါအ၀င် လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးရတာတွေရှိခဲ့ပြီး ဒေသခံပြည်သူ အများအပြားဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013