Home
မြန်မာသတင်း
မင်းတပ်တွင် သစ်တောထွက်ပစ္စည်းများကို ရှာဖွေရောင်းဝယ်ခြင်းမပြုရန် တားမြစ်
DVB
·
September 20, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းတွေကို ရှာဖွေရောင်းဝယ်တာတွေမလုပ်ဖို့   မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  တားမြစ်လိုက် ပါတယ်။

စက်တင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်အထိ ပြုလုပ်တဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သစ်တောထွက်ပစ္စည်းတွေကို ရှာဖွေတာ၊ ရောင်းဝယ်ဖောက်ကားတာတွေ လုံးဝခွင့်မပြုတော့ဘဲ လိုက်နာဆောင်ရွက်တာမျိုးမရှိရင် ဥပဒေအရ အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မင်းတပ် ပအဖ ထံက သိရပါတယ်။

မင်းတပ်ပအဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “မြေပေါ်မြေအောက်ပစ္စည်းတွေ ဆိုတာထက် သစ်တောထွက်ပစ္စည်းတွေ ခိုးထုတ်ရောင်းချတာတွေကိုလည်း ပိတ်ပင်တားဆီးမယ်။ ကိုယ့်ရဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားမယ်” လို့ ပြောပါတယ်။

မင်းတပ် ပအဖ အနေနဲ့ ၂၀၂၃ ခုနှစ်က မြေပေါက်သစ်ခွ၊ အပင်ပွားသစ်ခွ၊ ရှားပါးသစ်ခွ ၅ မျိုးကို ရှာဖွေရောင်းချခွင့် ပေးခဲ့ပေမဲ့ ဒီနှစ်ကစပြီး အဲဒီသစ်ခွတွေကိုလည်း ရှာဖွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။

သစ်ခွတွေ၊ ပန်းရိုင်းတွေကို ထိန်းသိမ်းတာကစပြီး နောက်ဆုံး သစ်တောတွေ ထိန်းသိမ်းတဲ့အထိ တဆင့်ခြင်း ကိုယ့်နယ်မြေ ကိုယ့်ဒေသကို စီမံခန့်ခွဲဖို့ ခြေလှမ်းစတဲ့ သဘောပါလို့ ဆလိုင်းယောမာန်က ဆက်ပြောပါတယ်။

အခုအခါ မင်းတပ်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတာ၊ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024