Home
မြန်မာသတင်း
မင်းတပ်တွင် စစ်ကောင်စီတပ်က အင်အားဖြည့် ခံစစ်ပြင်၊ တွန်းဇန် စစ်ရှောင်များ နေရပ်မပြန်နိုင်
DVB
·
July 1, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တပ်စွဲနေတဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က ခလရ ၂၇၄ တပ်ရင်းထဲကို ဇွန် ၂၉ ရက်ကစတင်ပြီး ကုန်းကြောင်းနဲ့ လေကြောင်းတွေကနေ စစ်သည်၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “အခု ၁ ရက် ၂ ရက်အတွင်းမှာ ဒီကောင်တွေရဲ့ ထောက်ပို့ကားတွေ မင်းတပ်-ကျောက်ထုလမ်းကနေ အခေါက်ခေါက်အခါခါ သယ်နေတယ်။ ရဟတ်ယာဥ်တွေ ခဏခဏ အဆင်းအတက်လုပ်ပြီး ခဲယမ်း၊ ရိက္ခာတွေနဲ့ စစ်သားတွေထပ်ပို့နေပြီး ခံစစ်ပြင်နေတယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်” လို့ ပြောပါတယ်။

မင်းတပ်မြို့က ဒေသခံပြည်သူတွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ့်သတင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြပြီလို့ သိရပါတယ်။

မင်းတပ်မြို့က လုပ်ငန်းရှင်တဦးက “မြို့ခံတွေ ၉၀ ရာနှုန်းလောက် မရှိကြတော့ဘူး။ ကျန်ခဲ့တဲ့ ၁ လကျော် ၂ လလောက်ကတည်းက ပြေးကုန်ကြတာ။ အနည်းအကျဥ်းလောက်ပဲ ရှိတော့တာ။ ကျနော်လည်း ပြေးမှာ၊ အလုပ်တွေ မပြတ်သေးလို့။ မိသားစုကတော့ ပြေးနှင့်တာကြာပြီ။ အခုအခြေအနေက မြို့ပေါ်မှာ လူမရှိတော့တဲ့အိမ်တွေကို ဝင်ပေါက်တွေဖျက်ပြီး စစ်သားတွေ ဝင်နေနေကြတာ တွေ့တယ်။ စစ်သားအင်အားကတော့ မြို့ပေါ်နဲ့ လမ်းတွေပေါ်မှာ အရင်ကထက် ပိုများလာတယ်။ မြို့ထဲမြို့ပြင် စစ်သားကင်းပုန်းတွေလည်း ရှိတယ်။ စစ်တပ်က မတူပီမြို့ကို ခံစစ်ပြင်နေတဲ့သဘော ရှိတယ်ဗျ” လို့ ပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ဇွန် ၉ ရက် မနက်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး မင်းတပ်မြို့ကို သိမ်းပိုက်ဖို့ မြို့သိမ်းတိုက်ပွဲ စတင်နေပြီလို့ ချင်းတော်လှန်ရေးအင်အားစု ၆ ဖွဲ့ စုစည်းထားတဲ့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ဇွန် ၁၃ ရက်မှာ ကြေညာထားပါတယ်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇန်မြို့မှာတော့ စစ်ဘေးရှောင်တချို့ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်အကူအညီပေးသူတွေက ပြောပါတယ်။

တွန်းဇန်မြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ကြရပြီး ဇွန် ၃၀ ရက်အထိ ပြည်သူ ၅,၀၀၀ ကျော်သာ နေရပ် ပြန်လည်နေထိုင်နေတယ်လို့ သိရပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာတော့ လူလတ်ပိုင်းနဲ့ လူငယ်တွေသာ ပြန်လည်နေထိုင်နေကြပြီး အသက်ကြီးပိုင်း လူကြီးတွေကတော့ မြို့ကို ပြန်မလာရဲသေးဘူးလို့ ဆိုပါတယ်။

တွန်းဇန်မြို့ခံတဦးက “အခုတလောက ပြန်တဲ့သူလည်း အတော်ရှိလာပြီ၊ အကုန်လုံးတော့ မြို့ထဲ မပြန်ရဲသေးဘူး။ စကစဘက်က ထိုးစစ်ဆင်မှာ ကြောက်လို့ မပြန်ကြသေးတာ။ လျင်မြန်ဖျတ်လတ်တဲ့ လူငယ်တွေလောက်သာ အိမ်ပြန်ကြတာ။ အဘိုး အဘွားတွေနဲ့ ကလေးတွေကျတော့ မြို့ထဲမှာ မထားရဲဘူး။ မြို့ကိုက CNF နဲ့ CDF တွန်းဇံ ထိန်းချုပ်တယ်ဆိုပေမဲ့ ပြည်သူတွေက စိတ်မချလို့ မပြန်ကြတာပါ” လို့ ပြောပါတယ်။

တွန်းဇံစစ်ဘေးရှောင်တွေဟာ မိုးရာသီကာလ တုပ်ကွေးဖျားနာတွေ ဖြစ်ပွားနေပြီး ဆေးဝါးမလုံလောက်မှုတွေ ကြုံနေတယ်လို့လည်း သိရပါတယ်။

တွန်းဇံပအဖ တာဝန်ရှိသူက “စစ်ရှောင်ကာလမှာ စစ်ရှောင်တွေ ဆေးဝါးပြတ်လပ်ပြီးတော့မှ ၂ ယောက် ဆုံးသွားတယ်။ အခုလည်း ဆေးဝါးပြတ်လပ်လို့ အတော်ဒုက္ခရောက်နေတယ်။ ရာသီဥတုကလည်း တအားအေးတော့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်က တွန်းဇန်မြို့ပေါ်က စစ်ကောင်စီတပ် အထိုင်စခန်းအားလုံးကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013