Home
မြန်မာသတင်း
ဗဟိုဘဏ် သတ်မှတ်ချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးသည့် ဘဏ် ၇ ဘဏ်ကို အရေးယူ
DVB
·
July 2, 2024
Photo- YomaBank

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အိမ်ရာချေးငွေပမာဏ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေ (housing loan) ထုတ်ချေးခဲ့တဲ့ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့က တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဘဏ်တွေကိုလည်း ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒမ ၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဘဏ်တွေကို ကြီးကြပ်ဖို့ အားနည်းခဲ့တဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေကိုလည်း စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာ ဗဟိုဘဏ်ရဲ့ ဘယ်ညွှန်ကြားချက်ဆိုတာကို ထည့်သွင်းဖော်ပြထားတာ မရှိပေမဲ့ ဗဟိုဘဏ် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရတော့ သုံးနှစ်ထက်ပိုတဲ့ အိမ်ရာချေးငွေတွေ ထုတ်ချေးရာမှာ ဘဏ်ရဲ့ စုစုပေါင်းချေးငွေပမာဏရဲ့ ၅ ရာခိုင်နှုန်းကို မကျော်ရဘူးလို့ ဆိုထားပါတယ်။

တချို့သော ပုဂ္ဂလိကဘဏ်တွေဟာ အကျိုးအမြတ်ပိုမို ရရှိစေရေးအတွက် ဗဟိုဘဏ်ညွှန်ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ပြီး အိမ်ရာ ချေးငွေတွေ အများအပြားထုတ်ချေးနေတာကို သိရှိရလို့ လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ခဲ့တာပါ။

စစ်ဆေးချက်အရ ရိုးမဘဏ်က ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်က ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမဝ ၁ ရာခိုင်နှုန်း၊ UAB ဘဏ်က ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုဘဏ်က သုညဒသမ ၃၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဘဏ်က ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းစီ အသီးသီး ကျော်လွန်ထုတ်ချေးထားတာကို တွေ့ရှိရတယ်လို့ စကစက ဆိုပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ ဒေါ်လာဈေး/ရွှေဈေး ခုန်တက်တာ၊ ကုန်ဈေးနှုန်းတက်တာတွေကို ထိန်းချုပ်နိုင်ဖို့ မကြာသေးခင်ကလည်း စစ်ကောင်စီဟာ ရွှေလုပ်ငန်းရှင်၊ ဒေါ်လာဝယ်ရောင်းလုပ်ငန်းရှင်၊ ဆီ/ဆန်လုပ်ငန်းရှင်၊ ဈေးဝယ်စင်တာတွေက လုပ်ငန်းရှင်တွေ စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အရေးယူခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013