Home
မြန်မာသတင်း
ထိုင်းနိုင်ငံ အမြန်လမ်းကြီးပေါ်တွင် တရားမဝင်မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ 
DVB
·
July 1, 2024
Photo - Kohkrasaekhao

ထိုင်းနိုင်ငံအတွင်းပိုင်း ချိုင်းနတ်နဲ့ လမ်းပန်းခရိုင်ထဲမှာ တရားမဝင် ဝင်‌ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀၇ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ထိုင်းအလယ်ပိုင်း ချိုင်းနတ်ခရိုင်ထဲမှာ ဇွန် ၂၆ ရက်ညက ဟိုင်းလပ်စ်ကား ၆ စီးပေါ်ကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦးကို  ခေါ်ဆောင်လာတဲ့ ထိုင်းကားသမား  ၆ ဦးနဲ့အတူ စုစုပေါင်း ၉၆ ဦး ဖမ်းဆီးရမိတာလို့  အဝေးပြေးလမ်း တာဝန်ရှိ ရဲတပ်ဖွဲ့က  ပြောပါတယ်။

အနက်ရောင်နဲ့ မီးခိုးရောင် ဟိုင်းလပ်ကား ၆ စီးဟာ သတ်မှတ်ထားတဲ့ အလေးချိန်ထက် ပိုမောင်းနေဟန်ရှိပြီး ကားနောက်မှာလည်း မိုးကာတွေနဲ့ ဖုံးထားတယ်၊ နံပါတ်ပြားတွေ တပ်မထားတဲ့အတွက် မသင်္ကာလို့ ဆင်းပူးရီးခရိုင် အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့က စစ်ဆေးဖို့ တားဆီးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကားတွေက ရပ်မပေးဘဲ အရှိန်မြှင့် မောင်းပြေးသွားတယ်၊  တာဝန်ရှိသူတွေကလည်း အဆင့်ဆင့် သတင်းပေးပို့ပြီး နောက်ကလိုက်လံဖမ်းဆီးရာမှာ  ဆရပူရီ-အယုဒ္ဓယ ခရိုင်တွေ ကျော်ပြီး ချိုင်းနတ်ခရိုင် ဆန်ဖယားအုပ်စု ဟတ်အားဆာရပ်ကွက်ထဲမှာမှ ဖမ်းမိသွားတယ်လို့ ဆိုပါတယ်။

ကားနောက်ခန်းမိုးကားကို လှပ်ကြည့်ရာမှာ  လူတွေ ပြည့်ကြပ်စွာ လဲလျောင်းတဲ့အနေအထားနဲ့ လိုက်ပါလာကြောင်း၊  အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ကား ၆ စီးမှာ စုစုပေါင်း ၈၉ ဦး လိုက်ပါလာတာလို့ ဆိုပါတယ်။

ယာဉ်မောင်းသမားတွေက သူတို့ကို တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်ကနေ ဆုဖန်းပူးရီးခရိုင်ကို ပို့ဆောင်ပေးဖို့  ကားတစီးလျှင် ဘတ်ငွေ ၁၀၀၀၀ နှုန်းနဲ့ သွားရောက်တင်ဆောင်လာခဲ့တယ်၊ ဒီလို တရားမဝင်သူတွေ သယ်လာတာ ၃- ၄ ကြိမ်ရှိသွားပြီလို့ ဝန်ခံသွားပါတယ်။

ဖမ်းဆီးခံမြန်မာတွေကလည်း သူတို့ဟာ တောလမ်းကနေ ခြေကျင်လျှောက်ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ဘက်ကနေ ဝင်လာတာလို့ ပြောပါတယ်။  တာဝန်ရှိသူတွေက ထိုင်းယာဉ်မောင်း ၆ ဦးနဲ့ မြန်မာ ၈၉ ဦးကို လဝကဥပဒေနဲ့အရေးယူပြီး မြန်မာတွေကိုတော့ နေရပ်ပြန်ပို့မယ်လို့ ဆိုပါတယ်။

ဇွန် ၃၀  ရက်မှာလည်း ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ တရားမဝင် မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနေ့က ရဲတပ်ဖွဲ့ဝင်တွေဟာ အမြန်လမ်းပေါ် တာဝန်ထမ်းဆောင်စဉ် အလေးချိန်တန်ပို တင်လာပုံရှိတဲ့ ဟီးနိုးကားကြီးတစီးကို  မသင်္ကာလို့ တားဆီးစစ်ဆေးခဲ့ရာမှာ ကားပေါ်မှာ အထောက်အထားရှိ မြန်မာလုပ်သား ၂ ဦး နဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၁၇ ဦးတို့ ပါလာတယ်လို့ ဆိုပါတယ်။

နိုင်းဆုမ်ချိုင်း ဆိုသူ ယာဉ်မောင်းကလည်း သူဟာ အဆိုပါ အလုပ်သမားတွေကို ကြက်ခြံမှာ နေ့စားလုပ်ဖို့ ခေါ်တင်လာကြောင်း၊ သူ့အလုပ်သမားဟာ အထောက်အထားရှိပြီး ကျန်သူတွေက နေ့စားလုပ်ဖို့ လာတာလို့ပြောပါတယ်။

ဒါပေမဲ့ သူ့ကားပေါ်မှာ တွေ့ရတာကြောင့် ယာဉ်မောင်းဟာ တရားမဝင်အလုပ်သမားငှားရမ်းမှုနဲ့ အရေးယူခံရမှာဖြစ်တယ်။

အဲဒီအလုပ်သမားတွေကတော့ မကြာသေးခင်ကမှ ထိုင်းနိုင်ငံထဲကို ကန်ကျနပူရီဘက်ကနေ ဝင်ရောက်လာပြီး ပွဲစားကို တဦးလျှင် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်လို့  ပြောသွားပါတယ်။

မနေ့ည ၉ နာရီလောက်မှာပဲ ကရင်ပြည်နယ် မြဝတီတဘက်ကမ်း ​သောင်ရင်းမြစ်အနီး ထိုင်းမြေထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းစစ်တပ်က လုံခြုံရေးကင်းလှည့်ချိန်မှာ တွေ့ရှိလို့ ဖမ်းဆီးသွားပါတယ်။

Source: -  3Plus News /  FM91 Trafficpro

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013