Home
မြန်မာသတင်း
မြစ်ကြီးနား ရေဘေး အရေးပေါ်အကူအညီ လိုအပ်နေသူ သောင်းချီရှိနေ 
DVB
·
July 1, 2024
Photo- MFS

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်နေပြီး တောင်ကျရေတွေကြောင့် ဧရာဝတီမြစ်ရေ တက်လာကာ မြစ်ကြီးနားမြို့ရဲ့ ၄ ပုံ ၃ ပုံလောက်အထိ ရေဝင်ရောက်နေတာကြောင့် ပိတ်မိနေသူတွေ ရှိနေသလို အရေးပေါ်အကူအညီ လိုအပ်နေသူတွေလည်း သောင်းနဲ့ချီ ရှိနေပါတယ်။

မြစ်ကြီးနားမြို့မှာ ဇွန် ၃၀ ရက်ကစလို့ ဧရာတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိလာတာဖြစ်ပြီး မြို့ရဲ့ ၄ ပုံ ၃ ပုံလောက်ကို ရေဝင်ရောက်နေပြီလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

DVB က ဆက်သွယ်တဲ့ ဇူလိုင် ၁ ရက်ညနေ ၄နာရီခွဲအချိန်မှာတော့ မြစ်ကြီးနားမြို့ အနောက်အလယ်ကုန်းရပ်ကွက်၊ စီတာပူရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက် စတဲ့ရပ်ကွက်တွေ အပါအဝင် ရပ်ကွက်ပေါင်း ၂၀ ဝန်းကျင်မှာ ရေဝင်ရောက်နေပြီ ဖြစ်ပါတယ်။

တချို့ရပ်ကွက်တွေမှာဆိုရင် နေအိမ်တွေ နစ်မြုပ်တဲ့အထိ ဖြစ်နေတာလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

မြို့ခံအများစုကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပေမဲ့ ပိတ်မိနေသူတွေလည်း ရှိနေသေးသလို စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေလိုအပ်သူ သောင်းဂဏန်းမက ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီညနေပိုင်းအထိတော့ မြို့ထဲနဲ့ အမြင့်ပိုင်းနေရာတွေကို ရေဝင်ရောက်တာ မရှိသေးပါဘူး။ ပိတ်မိနေတဲ့သူတွေကတော့ လူမှုကွန်ရက်စာမျက်နှာတွေကနေ အကူအညီတောင်းခံထားကြသလို သတင်းဌာနတွေကို ဆက်သွယ်ပြီး အကူအညီတောင်းတာတွေလည်းရှိနေပါတယ်။

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လုံလောက်မှုမရှိဘဲ ပိတ်မိနေသူတွေ ရှိနေကြဆဲ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ ဧရာဝတီမြစ်ရေ ဆက်တက်နေပြီး ဇူလိုင် ၁ ရက် မနက် ၉ နာရီအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်နေပြီလို့ မိုးဇလဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဗန်းမော်မြို့မှာလည်း ဒီမနက် ၈ နာရီခွဲလောက်က ပေါက်ကုန်းရပ်ကွက်(ပညာ့ရိပ်သာရပ်)မှာ  ဧရာဝတီမြစ်ရေ မြင့်တက်လာလို့ နေအိမ်တွေထဲ ရေဝင်ရောက်ခဲ့လို့ ဒေသခံတွေကို ရေဘေးလွတ်ရာ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းသို့ ကယ်ဆယ်ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ မီးသတ်ဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ရေကြီးရေလျှံဖြစ်နေတဲ့ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တချို့မှာ ဒေသခံတွေ ပိတ်မိနေကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုံလုံလောက်လောက် မလုပ်နိုင်ဘူးလို့လည်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောဆိုပါတယ်။

ကြက်ပေါင်ခြံရပ်ကွက်မှာ နေထိုင်သူတဦးက “ရေတက်တာကတော့ တရိပ်ရိပ်ကို တက်လာတာ။ ရေတက်နှုန်းက အတော်မြန်တယ်။ မနက်ပိုင်းက အနိမ့်ပိုင်း အိမ်တွေ ရွှေ့ပြောင်းရတယ်။ ညနေပိုင်းမှာတော့ ကုန်းမြင့်ပိုင်းမှာရှိတဲ့ အိမ်တွေထဲ ရေဝင်လာတော့ တရပ်ကွက်လုံးနီးပါး ရွှေ့နေရတယ်။ ဒီမနက်ပိုင်းမှာတော့ ကျနော်တို့ ရပ်ကွက်ထဲက နေအိမ်တွေ အတော်များများ ရေမြုပ်သွားပြီ ရေက လည်ပင်းလောက်ထိ နစ်တော့ ဘယ်မှသွားမရဘူး "လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁,၂၀၀ စင်တီမီတာဖြစ်ပေမဲ့ ဇူလိုင်လ ၁ ရက်မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ၁၃၁၇ စင်တီမီတာအထက်ကို ရောက်ရှိနေတဲ့အတွက် စိုးရိမ်ရေအမှတ်ထက် ၁၁၇စင်တီမီတာ မြင့်တက်နေတာ ဖြစ်ပါတယ်။

မြစ်ရေဝင်ရောက်လာတဲ့အတွက် နေအိမ်တွေရေနစ်မြုတ်ကုန်ပြီး ရေဘေးသင့်ပြည်သူတွေဟာ ရေဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေက နီးစပ်ရာ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့  ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်ကြီးတခုဖြစ်တဲ့ မေခမြစ် အထက်ပိုင်း ပူတာအိုဒေသမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် အခုလို ဧရာဝတီမြစ်ရေ မြင့်တက်လာတာဖြစ်ပြီး မြစ်ကြီးနားမြို့၊ မြေနိမ့်ရပ်ကွက်အချို့မှာ ဇွန်လ ၂၉ ရက် ညပိုင်းကတည်းက မြစ်ရေဝင်ရောက်လာတာဖြစ်ပါတယ်။

ဇူလိုင် ၁၀ရက်အတွင်း ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တွေမှာ လက်ရှိရေမှတ်များထက် ၆ ပေကနေ ၁၀ ပေအထိ ဆက်လက်မြင့်တက်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေအခြေအနေ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

ထက်အောင်/လင်းအိမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024